◾️တပ်မတော်အကြီးစားစက်ရုံ (ထုံးဘို)မှ ထုတ်လုပ်သည့် မော်တော်ယာဉ်များအား သုတေသနနှင့် စမ်းသပ်မောင်းနှင်ခြင်းများ ဆောင်ရွက်ပြီးစီးပါက တပ်မတော်နှင့် ဌာနဆိုင်ရာများသို့ ထုတ်ပေးလျက်ရှိ




၈. ၁. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီး၊ ဆင်တဲနှင့် ထုံးဘိုတို့ရှိ တပ်မတော်အကြီးစားစက်ရုံများ၌ လယ်ယာသုံးစက်ကိရိယာများနှင့် မော်တော်ယာဉ်များ ထုတ်လုပ်နေမှုအား ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နံနက်ပိုင်းတွင် တပ်မတော်အကြီးစားစက်ရုံ (ဆင်တဲ) သို့ ရောက်ရှိကြပြီး စက်ရုံမှထုတ်လုပ်ထားရှိသည့် လက်ဆွဲကောက်စိုက်စက်နှင့် Manual Drum Seeder များအား ကြည့်ရှုစစ်ဆေးပြီး မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် ဆောင်ရွက်သည့်နိုင်ငံဖြစ်သဖြင့် နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရေးအတွက် လိုအပ်သည့် လယ်ထွန်စက်များနှင့် စက်ကိရိယာများအား ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
ထို့အပြင် စက်ရုံ၏ ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သောကျွမ်းကျင်လုပ်သားများရရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထုတ်လုပ်လိုက်သည့် စက်ပစ္စည်းများ အရည်အသွေး ပြည့်မီစေရေးအတွက် စနစ်တကျသုတေသနပြု ထုတ်လုပ်သွားရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။
ဆက်လက်၍ စက်ရုံအတွင်းအလုပ်ရုံများအား လှည့်လည်၍ လက်ဆွဲကောက်စိုက်စက်၊ Manual Drum Seeder များနှင့် ဆက်စပ် ပစ္စည်းများ ထုတ်လုပ်နေမှု၊ သံရည်ကြိုအလုပ်ရုံအတွင်း စက်ပစ္စည်းအစိတ်အပိုင်းများ သွန်းလောင်းထုတ်လုပ်နေမှု၊ သံဂဟေချောင်းအလုပ်ရုံအတွင်း သံဂဟေချောင်းများ အဆင့်ဆင့်ထုတ်လုပ်နေမှုတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။





ထိုနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညနေပိုင်းတွင် တပ်မတော် အကြီးစားစက်ရုံ(ထုံးဘို)သို့ ရောက်ရှိကြရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးက စက်ရုံသမိုင်းအကျဉ်း၊ ဝန်ထမ်းများခန့်အပ်ထားရှိမှု၊ ရည်မှန်းချက်တာဝန်များ၊ ထုတ်လုပ် နိုင်မှုစွမ်းရည်များနှင့် တစ်နှစ်ထုတ်လုပ်နိုင်မှုအခြေအနေများ၊ လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မော်တော်ယာဉ်များအား ထုတ်လုပ်လျက်ရှိမှု၊ သုတေသနပြုဆောင်ရွက်လျက်ရှိမှုနှင့် စမ်းသပ်မောင်းနှင်ခြင်းများ ဆောင်ရွက်ပြီးစီးပါက တပ်မတော်နှင့် ဌာနဆိုင်ရာများသို့ ထုတ်ပေးလျက်ရှိမှုတိုနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မော်တော်ယာဉ်များအား ထုတ်လုပ်ရာတွင် အစိတ်အပိုင်းများအားလုံးကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်အသုံးပြုနိုင်ရန်လိုပြီး အစိတ်အပိုင်းများအား ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
ထုတ်လုပ်ပြီး စက်ပစ္စည်းအစိတ်အပိုင်းများအား တစ်ခုချင်းစီအလိုက် အရည်အသွေးစမ်းသပ်ခြင်းများ ဆောင်ရွက်ပြီးမှသာ တပ်ဆင်အသုံးပြုခြင်း ဆောင်ရွက်ရန်နှင့် မော်တော်ယာဉ်အရည်အသွေး စစ်ဆေးခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းများကိုလည်း စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ အရေအတွက်ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် အရည်အသွေး ပိုမိုကောင်းမွန်လာရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။
