◾️ ၂၀၂၅ ခုနှစ်အတွင်း စားသုံးသူတိုင်ကြားမှု စုစုပေါင်း ၂၈၅ မှုရှိခဲ့ပြီး ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင် စားသုံးသူတိုင်ကြားမှု အများဆုံးဖြစ်
၇. ၁. ၂၀၂၆
Written by Nyein Kyaw
ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ယမန်နေ့က ကျင်းပသည့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် ပြောကြားသည်။
စီးပွားရေးလုပ်ငန်းရှင်များက တင်ပြလာသည့် ၎င်းတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနက စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကုန်စည်စုစုပေါင်း ၂၀,၁၅၅ မျိုးကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စားသုံးသူတိုင်ကြားမှု စုစုပေါင်း ၂၈၅ မှုအနက် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တိုင်ကြားမှု အများဆုံးဖြစ်ပြီး တိုင်ကြားမှုအများဆုံးမှာ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ တိုင်ကြားမှုများ များပြားရခြင်းအပေါ် စိစစ်သုံးသပ်ပြီး အသိပညာပေးမှုနှင့် လိုအပ်သော အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ၏ လိုအပ်ချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ပေးအပ်နိုင်ပါက မျှတသည့် ဈေးကွက်တစ်ခုကို ပုံဖော်နိုင်မည်ဖြစ်သည့်အပြင် ရေရှည်ရပ်တည်နိုင်မည်လည်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
