၆.၁.၂၀၂၆
Written by Thiri
ပုဂ္ဂလိက စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရတဲ့ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ အလင်္ကာ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ နေ့လယ် ၁၂နာရီ ၂၅ မိနစ်အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ (၇)လမ်းရှိ စက်သုံးဆီ အရောင်းဆိုင်မှာ မီးလောင်မှုဖြစ်ပွားတဲ့ သတင်းအရ မအူပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စစ်ဆေးနေဆဲဖြစ်ပြီး ဖြစ်စဉ်အတွင်း ဝန်ထမ်းအမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသားလေးဦး ပြင်းထန် လောင်ကျွမ်းဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
အလင်္ကာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ကျွန်တော်တို့ ဆေးရုံပို့ပေးရတာ သေဆုံးတဲ့ ရုပ်အလောင်းပါ။ တခြားအသင်းတွေလည်း လာပါတယ်။ ဒဏ်ရာရသူတွေ ဝိုင်းဝန်းသယ်ဆောင်ပြီး လက်ရှိအချိန်ထိတော့ မအူပင်ဆေးရုံပဲ။ ဘယ်မှ ထပ်မလွှဲသေးပါဘူး။ ဒဏ်ရာတွေ အတော်များတယ်။ တခြား စေတနာဝန်ထမ်းနဲ့ မီးသတ်ထိခိုက်တာတော့ မရှိပါဘူး” လို့ MT News ကို ပြောပါတယ်။
စက်သုံးဆီဆိုင်မီး လောင်မှုကို မိနစ် ၄၀ ခန့် ငြှိမ်းသတ်ခဲ့ရပြီး ၁၂ နာရီ ၅၉မိနစ်ခန့်မှာ မီးငြိမ်းတယ်လို့ သိရပါတယ်။
