၆.၁.၂၀၂၆
Written by Nay Yaung Lin
လမ်းမတော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက လက်ကမ်းစာစောင်များဝေ၍ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့သည်။
လမ်းမတော်မြို့နယ်ရှိ (၆) ရပ်ကွက်၊ (၉) ရပ်ကွက်၊ (၁၀) ရပ်ကွက်နှင့် (၁၁) ရပ်ကွက်တို့ရှိ လမ်းများ၊ ဈေးများသို့ ဦးကိုကိုကြီးတို့အဖွဲ့က ခြေလျင်လှည့်လည်ကာ ပါတီလက်ကမ်းစာစောင်များဝေ၍ တွေ့ဆုံခြင်း၊ ပါတီဗော်လံတီယာများက အထပ်မြင့်တိုက်ခန်းများ၏ တံခါးဝတွင် လက်ကမ်းစာစောင်များ သွားဝေခြင်းတို့ ပြုလုပ်ခဲ့ကြသည်။



လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုကြီးက “လမ်းမတော်မြို့နယ်က မဲဆန္ဒရှင်ပြည်သူများကို ပြောချင်တာက ကျွန်တော်ဝင်ရောက်ယှဉ်ပြိုင်ခြင်းက မြို့နယ်အတွက်သာမကဘဲ နိုင်ငံတော်ရဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ဒါကြောင့်မို့ လမ်းမတော်မြို့နယ် မဲဆန္ဒရှင်များရဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်မှုဟာ မြို့နယ်အတွက်သာမကဘဲ နိုင်ငံတော်တစ်ခုလုံးအတွက် အရေးကြီးတဲ့ သက်ရောက်မှုဖြစ်တယ်။ ဒါကြောင့်မို့ ပွင့်ပွင့်လင်းလင်းနဲ့ ထွက်ပြီးတော့ ပြည်သူ့ပါတီကို မဲပေးကြပါလို့ တောက်လျှောက်လိုက်ပြီး တိုက်တွန်းနေတာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ယခုကဲ့သို့ မြေပြင်တွင် လိုက်လံတွေ့ဆုံသည့်အခါ လှိုက်လှိုက်လှဲလှဲနှုတ်ဆက်သူအချို့ရှိသလို တွန့်ဆုတ်ကြောက်လန့်နေသူအချို့လည်း ရှိသည်ကို တွေ့ရကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားခဲ့သည်။



ပြည်သူ့ပါတီမှ လမ်းမတော်မြို့နယ်တွင် ပြည်သူ့လွှတ်ကိုယ်စားလှယ်လောင်း ဦးကိုကိုကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဥမ္မာကြည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်မြိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်သည် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲ အပိုင်း(၃) တွင် ပါဝင်ကြောင်း သိရသည်။



