၃. ၁.၂၀၂၅
Translated by Thettant
မက္ကဆီကိုနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် သောကြာနေ့ (ဇန်နဝါရီ ၂ ရက်) က အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးသွားခဲ့သည်။
ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိသော အဆိုပါငလျင်၏ ဗဟိုချက်မှာ မက္ကဆီကို အနောက်တောင်ဘက် ဂွာရဲရိုး (Guerrero) ပြည်နယ်ရှိ ဆန်မားကို့စ် (San Marcos) မြို့နှင့် ခရီးသွားများကြား ရေပန်းစားသည့် အာကာပူကို (Acapulco) မြို့အနီးတွင် ဖြစ်ပြီး ထိုဒေသတွင် အသင့်အတင့် ပျက်စီးမှုများ ရှိခဲ့သည်။
ဂွာရဲရိုးပြည်နယ်အတွင်း အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အက်ဗလင်း ဆယ်လ်ဂါဒို (Evelyn Salgado) က ပြောကြားခဲ့သလို၊ မက္ကဆီကိုစီးတီး မြို့တော်ဝန် ကလာရာ ဘရူဂါဒါ (Clara Brugada) ကလည်း မြို့တော်အတွင်း အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အခြားလူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။
မက္ကဆီကိုနိုင်ငံသည် ကမ္ဘာ့အကြီးစား ကျောက်ဖျာချပ် (Tectonic Plates) ၄ ခု ဆုံရာနေရာတွင် တည်ရှိသောကြောင့် ကမ္ဘာပေါ်တွင် ငလျင်လှုပ်ခတ်မှု အများဆုံးဒေသများထဲမှ တစ်ခုဖြစ်သည်။
သောကြာနေ့ညနှောင်းပိုင်းတွင် မြို့တော်ဝန် ဘရူဂါဒါက မက္ကဆီကိုစီးတီး၌ လျှပ်စစ်မီးပြတ်တောက်မှု သတင်းပို့ထားသည့် နေရာများ၏ ၉၈ ရာခိုင်နှုန်းကို မီးပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆောက်အအုံ ၂ ခုမှာ ပြိုကျနိုင်ခြေရှိသဖြင့် စစ်ဆေးနေပြီး အခြားအဆောက်အအုံ ၃၄ ခုနှင့် နေအိမ် ၅ လုံးကိုလည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် စစ်ဆေးလျက်ရှိသည်။
လမ်းများနှင့် ဆေးရုံများ ထိခိုက်မှုရှိခဲ့သဖြင့် မက္ကဆီကိုစီးတီးတွင် ပျက်စီးမှုဆန်းစစ်ချက်များကို လုပ်ဆောင်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပြီး၊ ဂွာရဲရိုးပြည်နယ်တဝိုက်ရှိ အဝေးပြေးလမ်းမကြီးများပေါ်တွင် မြေပြိုမှုများစွာ ဖြစ်ပွားခဲ့သည်ဟု အာဏာပိုင်များက မှတ်တမ်းတင်ခဲ့သည်။ မက္ကဆီကို ငလျင်တိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် မွန်းတည့်ချိန်အထိ နောက်ဆက်တွဲငလျင် (Aftershocks) ပေါင်း ၄၂၀ ကြိမ်အထိ မှတ်တမ်းတင်ရရှိခဲ့သည်။
ငလျင်လှုပ်ခတ်ချိန်တွင် သမ္မတ ကလော်ဒီယာ ရှိန်းဘွန်း (Claudia Sheinbaum) သည် ယခုနှစ်အတွက် သူမ၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ပြုလုပ်နေချိန် ဖြစ်သည်။ ထိုအခိုက်အတန့်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တွင် ငလျင်သတိပေးသံများ မြည်လာချိန်၌ သမ္မတ ရှိန်းဘောင်းက “ငလျင်လှုပ်နေပြီ” ဟု ပြောကြားခဲ့ပြီး မီဒီယာများကို “အားလုံးပဲ တည်တည်ငြိမ်ငြိမ်နဲ့ အပြင်ထွက်ကြပါ” ဟု ပြောဆိုခဲ့သည်ကို ကြားရသည်။
အခြားသော ရုပ်သံမှတ်တမ်းများတွင် မက္ကဆီကိုစီးတီးရှိ အဆောက်အအုံများ တုန်ခါနေသည်ကို မြင်တွေ့ရပြီး အာကာပူကိုမြို့တွင်လည်း ကားများ တုန်ခါနေသည်ကို တွေ့ရသည်။ သောကြာနေ့ နံနက်အစောပိုင်းတွင် မက္ကဆီကို ငလျင်သတိပေးစနစ် (SASMEX) မှ အချက်ပေးသံကြားရပြီးနောက် မြို့နေပြည်သူများနှင့် ခရီးသွားများသည် လမ်းမများပေါ်သို့ အပြေးအလွှား ထွက်လာခဲ့ကြသည်။
အဆိုပါ ငလျင်သတိပေးစနစ်ကို လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ရသည့် ၁၉၈၅ ခုနှစ် အင်အားပြင်းငလျင်ကြီးနောက်ပိုင်းတွင် တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း မက္ကဆီကိုတွင် ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးကာ မက္ကဆီကိုစီးတီးရှိ အဆောက်အအုံ ဒါဇင်ပေါင်းများစွာ ပြိုကျပျက်စီးခဲ့ဖူးသည်။
Ref : BBC
