နေမိုး
၃. ၁. ၂၀၂၆
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုး သယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုလည်း KIA နှင့် PDF ပူးပေါင်းအဖွဲ့က အရပ်သားလူငယ်တစ်ဦးကို သေနတ်နှင့်ပစ်၊ ဓားဖြင့် ခုတ်သတ်မှု မိုးညှင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာအနီး၌ ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာနေ မောင်ဝေနိုင်ထွန်း(ခ) ကျော်ထူး(ခ)ဝေကြီး(၁၉)နှစ်သည် နန့်ပုတ်ကျေးရွာမှ ညောင်ကိုင်းကျေးရွာသို့ ခြေလျင်ပြန်လာစဉ် နန့်ပုတ်ကျေးရွာအနီး မိုးညှင်းမြို့ရှောင်ကွင်းလမ်းပေါ်အရောက် KIA နှင့် PDF ပူးပေါင်းအဖွဲ့အင်အား(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်/ဓားများဖြင့် ပစ်ခတ် ထိုးခုတ်သတ်ဖြတ်သွားခဲ့မှုကြောင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ဆင်ခြင်တုံ တရားကင်းမဲ့စွာ သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
