
၁ .၁ .၂၀၂၆
Written by Thiri
ဧရာဝတီတိုင်းဒေသကြီး မအူပင် – ဆားမလောက် သွားတဲ့ကားလမ်းပေါ်မှာ ဒီနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ဆီဘောက်ဆာကားနဲ့ ဟိုက်ဂျက်ယာဉ် တိုက်မိကာ လူနှစ်ဦးသေဆုံးပြီး သံဃာတစ်ပါး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ အနှိုင်းမဲ့မေတ္တာ လူမှုကူညီရေး အသင်း -မအူပင်မြို့ ထံကနေ သိရပါတယ်။
ဖြစ်စဉ်က မအူပင်- ဆားမလောက်ကားလမ်း၊ လယ်ကိုင်းကွေ့နဲ့ ဝဲဒေါင့်တံတားကြားမှာ ဖြစ်ပွားခဲ့ပြီး ရန်ကုန်ကနေ မအူပင်မြို့ဆီ မောင်းနှင်လာတဲ့ အမျိုးသားနှစ်ဦးနဲ့ ဦးဇင်းတစ်ပါးလိုက်ပါလာတဲ့ ဟိုက်ဂျက်ကားကို ဆီဘောက်ဆာကားက နောက်ကနေဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့တာလို့ သိရပါတယ်။

ယာဉ်တိုက်ခံရတဲ့ အရှိန်ကြောင့် ဟိုက်ဂျက်ကားမှာ လမ်းဘေးကို ထိုးကျပြီး သစ်ပင်နဲ့တိုက်မိရာက ယာဉ်ခေါင်းခန်းကနေ စီးနင်းလိုက်ပါလာတဲ့ ယာဉ်မောင်းအမျိုးသား အပါအဝင် နောက်ထပ်အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပြီး သံဃာတော်မှာတော့ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒဏ်ရာရ လူနာတွေကို အနှိုင်းမဲ့မေတ္တာ လူမှုကူညီရေးအသင်းမှယာဉ်နဲ့ မအူပင်ဆေးရုံဆီ အချိန်နဲ့တစ်ပြေးညီပို့ဆောင်ခဲ့ပေမယ့် ဆေးရုံအရောက် အမျိုးသားနှစ်ဦးမှာ ရရှိတဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ပြေးသွားတဲ့ ဆီဘောက်ဆာယာဉ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးရေးဂိတ်တွေဆီ ဆက်သွယ် ပိတ်ဆို့ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
၂၀၂၆ ဇန်နဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းနဲ့ ညနေပိုင်းမှာ MT News က သိရှိမှတ်တမ်းတင်နိုင်တဲ့ ယာဉ်တိုက်မှုပေါင်း ၄ မှုရှိခဲ့ပြီး အမျိုးသား လေးဦး၊ ကလေး တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးထားပါတယ်။
