




၁.၁.၂၀၂၆
Written By Thandar
နှစ်ဦးအလှူအနေနဲ့ ကိုနိုင်ဖြိုးကျော်နဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့ ဇနီးမောင်နှံက ဖခင်ကြီးရဲ့ ဆန္ဒကိုဖြည့်ဆည်းတဲ့အနေနဲ့ ကော့သောင်းမြို့ အေးမြချမ်းသာကျောင်းရဲ့ စေတီတော်ရွှေထီးတော်တင် အနေကဇာတင် သိက္ခာထပ်မင်္ဂလာပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။
“မင်္ဂလာရှိတဲ့ နှစ်သစ် ၂၀၂၆ မှာ ခုနစ်ရက်သားသမီးအားလုံးနဲ့ ချစ်ရတဲ့ပရိသတ်တွေအားလုံး ကျန်းမာ ချမ်းသာပြီး လိုအင်ဆန္ဒပြည့်စုံကြပါစေရှင်။ နှစ်သစ်ရဲ့ ပထမဆုံး အမှတ်တရ Post အနေနဲ့ ကစ်ဖေဖေ ရှိစဉ် ကတည်းက တည်ထားခဲ့တဲ့ ကော့သောင်းမြို့၊ အေးမြချမ်းသာကျောင်းရဲ့ စေတီတော် ထီးတော်တင်မင်္ဂလာ၊ ဘုရားအနေကဇာတင်မင်္ဂလာနဲ့ ဘုန်းဘုန်းကြီးအားသိက္ခာထပ်မင်္ဂလာအလှု ရေစက်ချပွဲ အမှတ်တရလေးတွေ သာဓုခေါ်ရအောင် တင်ပေးလိုက်ပါတယ်။ အဖေက စေတီမပြီးခင် ကွယ်လွန်သွားတော့ အဖေ့ကိုယ်စား အလှု အထမြောက်အောင် ရေစက်ချအမျှဝေ ဖေဖေ့ကိုရည်စူး ပြုလုပ်လှူဒါန်းပေးရတဲ့ ကုသိုလ်မို့ ဝမ်းနည်းဝမ်းသာ ပီတီဖြစ်ခဲ့ရပါတယ်။ ပြုသောကုသိုလ်အစုစုကိုလည်း ထပ်တူထပ်မျှရရှိကြပါစေရှင်။ နတ်ဝင်သည် ရုပ်ရှင်ဇာတ်ကား မိသားစု အနေနှင့်လည်း ပါဝင်လှုဒါန်းခဲ့တာမို့ ပရိတ်တွေရဲ့ကုသိုလ်လည်းဖြစ်ခဲ့ပါတယ်”လို့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ပြောပါတယ်။
အဆိုပါ အလှူတော်မင်္ဂလာမှာတော့ မိခင်ဖြစ်သူနဲ့အတူ ဆရာတော် အရှင်သူမြတ်တွေကို စိန်ဖူးတော်တွေနဲ့ အနေကဇာတင်လှူဒါန်းခဲ့ပြီး ကျောင်းတိုက်ရှိ ဆရာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ် အစုစုတွေ ဝတ္ထုငွေတွေ ဆက်ကပ်ခဲ့ကာ ဖခင်အတွက် အမျှအတန်းတွေ ဝေခဲ့ကြပါတယ်။ အဲဒီနောက် ဖိတ် ကြားထားတဲ့ ဧည့်သည်တော်တွေကို ကျွေးမွေးဧည့်ခံခဲ့ပါတယ်။
ဝတ်မှုန်ရွှေရည်ရဲ့ ဖခင်ဖြစ်သူ ဦးသိန်းနိုင် အသက် ၅၉ နှစ်ဟာ ၂၀၂၄ ခုနှစ် ဧပြီ ၁၄ ရက်မှာ ကျောက်ကပ် ရောဂါနဲ့ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။
