


၁. ၁. ၂၀၂၆
Written by Thiri
မနေ့က ဒီဇင်ဘာ ၃၁ ရက်နေ့ နှစ်သစ်ကူးညမှာ ယာဉ်တိုက်ပြေးမှု နှစ်မှု မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမပေါ်မှာ ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး နေရာတင်သေဆုံးခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ ထံကနေ သိရပါတယ်။
ပထမဖြစ်စဉ်က ညဦးပိုင်းအချိန် ၇ နာရီကျော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်ခံရသူက အသက် ၅၀ ကျော်အရွယ် ပစ္စည်းအဟောင်းဝယ် ရောင်း၊ ပလုံကောက်ကာ ရောင်းဝယ်ပြုလုပ်သူတစ်ဦးလို့ သိရှိရပြီး အမှတ် (၃) လမ်းမပေါ်မှာ မကြာခဏ ယာဉ်တိုက်မှုတွေ ဖြစ်ပွားလေ့ရှိတဲ့ ရခိုင်ကျောင်းလမ်း မှတ်တိုင်အနီးမှာပဲ ဖြစ်ပွားခဲ့တာလို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“တိုက်သွားတဲ့ ကားက Alphard ကား။ တိုက်ပြီးကားက ရေတိုင်ကီပါပွင့်လျက်နဲ့ မောင်းပြေးသွားတယ်။ အတိုက်ခံရသူက နေရာတင် ဆုံးပါတယ်။ ပိုင်ရှင်လည်း ပေါ်ပါတယ်။ ဖြစ်တာကလည်း သေဆုံးသူ နေတဲ့ နေရာနားပဲ” လို့ MT News ကို ပြောပါတယ်။
သေဆုံးသူကို ပုလဲအရန် မီးသတ်တပ်ဖွဲ့ က ယာဉ်နဲ့ မေဓာဝီဆေးရုံဆီ ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
နောက်ထပ်ဖြစ်စဉ်ကလည်း ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၂ နာရီခန့်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပထမဖြစ်စဉ်နဲ့ သုံးမှတ်တိုင်အကွာ မင်္ဂလာဒုံအမှတ်(၃) လမ်းမပေါ်ရှိ သင်္ကန်းကျွန်းကြီးမှတ်တိုင်အနီးမှာ လမ်းဖြတ်ကူးရာက ယာဉ်တိုက်ခံရပြီး နေရာမှာတင် သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
ယာဉ်တိုက်ခံရသူက အသက်ငါးဆယ်ဝန်းကျင်အရွယ်ဖြစ်ပြီး ဦးခေါင်းပွင့်၊ ခြေနှစ်ဖက်ကျိုးကျေ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာမို့ မြောက်ဥက္ကလာပမြို့နယ် မေဓာဝီ ဆေးရုံကြီးဆီကိုပဲ ပိုင်ရှင်မဲ့ အနေနဲ့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဖြစ်တဲ့ ညတွင်းချင်း သေဆုံးသူရဲ့ မိသားစုကို အဆက်အသွယ်မရပေမယ့် ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ ပုလဲအရန်မီးသတ်ထံ မိသားစုဝင်တွေက ဆက်သွယ်လာတယ်လို့ လည်း သိရပါတယ်။
ဒီဖြစ်စဉ်မှာတော့ တိုက်သွားတဲ့ ကားကိုမသိရှိရပါဘူး။
