
၁. ၁. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ပျက်စီး/ပျောက်ဆုံးသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မြို့နယ်အသီးသီးရှိ လဝကရုံးများတွင် အထူးကိစ္စရပ်အဖြစ် ရုံးပိတ်ရက်မရှိ ရုံးဖွင့်လှစ်ဆောင်ရွက်ပေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယနေ့တွင် အသိပေးကြေညာထားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးနှင့် ယခုကျင်းပလျက်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ယခုရွေးကောက်ပွဲကာလတွင် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ပျက်စီး/ပျောက်ဆုံးသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုးစေရေး အတွက် မြိုနယ်အသီးသီးရှိ လဝကရုံးများအား အထူးကိစ္စတစ်ရပ်အနေဖြင့် ရုံးပိတ်ရက်မရှိရုံးဖွင့်လှစ်၍ ပျက်စီး/ပျောက်ဆုံးသည့် နိုင်ငံသားကတ်ပြားများအား ဥပဒေနှင့်အညီ အမြန်ဆုံး စိစစ် ဆောင်ရွက်ပေးလျက်ရှိပါသဖြင့် နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးသူ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် သက်ဆိုင်ရာ မြိုနယ် လဝကရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် အသိပေးထားသည်။
သို့ရာတွင် ပြည်သူများအနေဖြင့် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားကတ်ပြားများ ပျက်စီး/ပျောက်ဆုံးမှုမရှိဘဲ ပျက်စီး/ပျောက်ဆုံးမှုကို အကြောင်းပြကာ ထပ်မံတင်ပြတောင်းခံ၍ နိုင်ငံသားကတ်ပြားတစ်ခုထက် ပိုမိုကိုင်ဆောင်ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသည်။
