၁.၁.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ မက်ဒရာပရာဒက်ရှ်ပြည်နယ်၊ အင်ဒိုးမြို့မှာ မသန့်ပြန့် ညစ်ညမ်းတဲ့ရေကို သောက်သုံးမိပြီး နောက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ လူခုနစ်ဦးသေဆုံးကာ လူ ၁၅၀ နီးပါးဆေးရုံတင်ခဲ့ရတယ်လို့ ဇန်နဝါရီလ ၁ ရက် သတင်းတွေအရ သိရပါတယ်။
အင်ဒိုးမြို့အတွင်း အိမ်သာတစ်ခုအောက်မှာရှိတဲ့ ဘာဂါ့သ်ပူရာ အဓိကရေပိုက်လိုင်းမှာ ရေယိုစိမ့်မှုဖြစ်ရာက ရေညစ်ညမ်းပြီး သေဆုံးမှုများစွာ ဖြစ်ပွားရတာဖြစ်ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ကြပါတယ်။ အမှုနဲ့ပတ်သက်လို့ အရာရှိတစ်ဦးကို ရာထူးမှထုတ်ပယ်ခဲ့ပြီး အခြားနှစ်ဦးကို ရာထူးမှ ရပ်ဆိုင်းထားတယ်လို့ ပြည်နယ်အစိုးရက ပြောခဲ့ပါတယ်။
ဒီဇင်ဘာလကစလို့ အင်ဒိုးမှာ ရေညစ်ညမ်းမှုကြောင့် လူခုနစ်ဦး သေဆုံးခဲ့တယ်လို့ မြို့တော်ဝန် ပွတ်ရာမီထရာ ဘာဂါဗာက ပြောကြားခဲ့ပါတယ်။ ကျန်းမာရေးဌာနက ရောဂါဖြစ်ပွားမှုကြောင့် လူသုံးဦး သေဆုံးခဲ့တယ်လို့ သတင်းပို့ထားချိန်မှာပဲ ဆေးရုံတွေကို ခေါ်ဆောင်လာတဲ့ ရောဂါဝေဒနာခံစားနေရသူ နောက်ထပ်လေးဦးလည်း သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ဘာဂါဗာက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ခရိုင်တရားသူကြီး ရှီဗမ် ဗားမား က ဆေးရုံ ၂၇ ရုံမှာ လူ ၁၄၉ ဦးကို ဆေးရုံတင်ထားရတယ်လို့လည်း ပြောခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးအရာရှိချုပ် မာဒတ်ဗ် ပရာဆတ် ဟာဆာနီက “လူနာတွေက သူတို့ဟာ ညစ်ညမ်းတဲ့ရေကို သောက်သုံးပြီး အန်တာ၊ ဝမ်းလျှောတာနဲ့ ရေဓာတ်ခန်းခြောက်တာတို့ကို ခံစားခဲ့ရတယ်လို့ ပြောခဲ့ကြတယ်။ သေဆုံးသူတွေကတော့ ဝမ်းလျှောလို့ပဲဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ညစ်ညမ်းမှုက အိမ်သာအောက်ရှိ အဓိကရေပိုက်လိုင်းမှာ ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ခြေရှိတယ်” လို့ သူက အသိပေးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၅ ရက်မှာ ဒေသခံတွေက သူတို့ရဲ့သောက်သုံးရေမှာ ပုံမှန်မဟုတ်တဲ့အနံ့တစ်ခုရရှိတယ်လို့ ပထမဆုံးတိုင်ကြားခဲ့တာကစပြီး ယင်းကိစ္စ ပေါ်ပေါက်လာခဲ့တာလို့ ဒေသန္တရကောင်စီဝင် ကာမယ်လ် ဘာဂီလာမာတော့က ပြောကြားခဲ့ပါတယ်။ ပြဿနာတွေ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ဖြစ်ပွားနေပေမယ့် ဒီဇင်ဘာ ၂၅ ရက်ကစ ပိုမိုဆိုးရွားလာခဲ့တာပါပဲ။
ကျန်းမာရေးဌာနက အိမ်ထောင်စု ၂,၇၀၃ စုကို စစ်တမ်းကောက်ယူခဲ့ပြီး ရောဂါဖြစ်ပွားမှု သတင်းတွေ အပြီးမှာ လူပေါင်း ၁၂,၀၀၀ ခန့်ကို စစ်ဆေးခဲ့ပါတယ်။ကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် အဖွဲ့ဝင်သုံးဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
မက်ဒရာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် မိုဟန်ယာဒက်ဗ်က အင်ဒိုးရှိ ဆေးရုံအမျိုးမျိုးကို ဒီဇင်ဘာလ ၃၁ ရက်က သွားရောက်ခဲ့ပြီး လူနာတွေရဲ့ ကျန်းမာရေးအခြေအနေကို မေးမြန်းခဲ့ပါတယ်။ သူက သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် တစ်ဦးလျှင် ရူပီး ၂ သိန်း လျော်ကြေးပေးမယ်လို့ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
Ref : Hindustan Times
