၁. ၁. ၂၀၂၆
MT News Editorial
”အမှောင်မိုက်ဆုံးသောအချိန်သည် အရုဏ်ဦးနှင့် အနီးစပ်ဆုံး ဖြစ်သည်” (The darkest hour is just before the dawn.) ဟူသော သမိုင်းပညာရှင် သောမတ်စ်ဖူလာ၏ စကားရပ်အတိုင်းပင် ယနေ့ကျရောက်သော ၂၀၂၆ ခုနှစ်၊ နှစ်သစ်မင်္ဂလာ အခါသမယသည် မြန်မာနိုင်ငံအတွက် အမှောင်ထုကို ခွင်း၍ အလင်းရောင်ခြည်သစ် ဖြာဆင်းလာမည့် သမိုင်းအချိုးအကွေ့တစ်ခု၏ အစနေ့ရက်ပင် ဖြစ်သည်ဟု တင်စားရပေမည်။ လွန်ခဲ့သော ငါးနှစ်တာ ကာလအတွင်း နိုင်ငံရေး မုန်တိုင်းထန်မှုများ၊ ပဋိပက္ခများနှင့်အတူ လူမှုစီးပွား ဘဝများစွာ ထိခိုက်နစ်နာခဲ့ရမှုများကို ပြည်သူအားလုံး သင်ခန်းစာယူကာ အတိတ်၏ အရိပ်ဆိုးများမှ ယခုအချိန်ကစ ရုန်းထွက်ပြီး နိုင်ငံနှင့် ပြည်သူ့ အနာဂတ်သစ်ကို တည်ဆောက်ရမည့် အချိန်လည်း ဖြစ်ပေသည်။
လက်ရှိ ကျင်းပလျက်ရှိသော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များသည် ထိုအပြောင်းအလဲအတွက် အဓိက သော့ချက်ပင် ဖြစ်သည်။ NUG၊ PDF နှင့် EAOs စသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်ဟန့်တားမှုများ၊ အသက်အန္တရာယ် စိုးရိမ်ရမှုများ ရှိနေသည့်ကြားမှ မဲဆန္ဒရှင် ပြည်သူ ၅၂ ရာခိုင်နှုန်းကျော်သည် မဲရုံများဆီသို့ ရဲရဲဝံ့ဝံ့ သွားရောက်ကာ မိမိတို့၏ ဆန္ဒကို ထုတ်ဖော်ခဲ့ကြခြင်းမှာ လွန်စွာ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။ ဤသည်မှာ ပြည်သူတို့၏ ဒီမိုကရေစီကို လိုလားမှုနှင့် ငြိမ်းချမ်းတည်ငြိမ်သော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်လိုသည့် ပြင်းပြသော ဆန္ဒကို မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်သည်။
အမေရိကန်သမ္မတဟောင်း အေဘရာဟမ် လင်ကွန်း မိန့်ကြားခဲ့ဖူးသကဲ့သို့ “မဲလက်မှတ်သည် ကျည်ဆံထက် ပိုမိုအစွမ်းထက်သည်” (The ballot is stronger than the bullet.) ဆိုသည့်အတိုင်း ကျည်ဆံများဖြင့် တည်ဆောက်၍မရခဲ့သော ငါးနှစ်တာကျရှုံးမှုသင်ခန်းစာကို အဆုံးသတ်ရန်အတွက် မှန်ကန်သော အပြောင်းအလဲကို မိမိတို့၏ မဲလက်မှတ်များဖြင့်သာ အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
ဤရွေးကောက်ပွဲ ရလဒ်မှတဆင့် တရားဝင် အရပ်သားအစိုးရတစ်ရပ် ပေါ်ထွန်းလာခြင်းသည် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ပြန်လည် မြှင့်တင်နိုင်မည့် တစ်ခုတည်းသော ထွက်ပေါက်ပင်ဖြစ်သည်။ အရပ်သား အုပ်ချုပ်မှု ယန္တရား ပြန်လည် လည်ပတ်လာသည်နှင့်အမျှ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှုများ တိုးပွားလာမည်ဖြစ်ပြီး နိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ၊ ဖိအားများ လျော့ကျသွားမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
ထိုမှတစ်ဆင့် ရပ်တန့်နေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ဝင်ရောက်လာခြင်း၊ နိုင်ငံတကာ အထောက်အပံ့များနှင့် ဖွံ့ဖြိုးရေး ချေးငွေများ ပြန်လည် ရရှိလာခြင်းတို့သည် တိုင်းပြည်စီးပွားရေး ပြန်လည် ဦးမော့လာစေရန် အသက်သွေးကြောများ ဖြစ်လာပေလိမ့်မည်။
ထိုသို့ နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှု ရရှိလာခြင်းသည် စစ်မှန်သော ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ စစ်ပွဲများ ရပ်တန့်နိုင်မှသာ တောထဲရောက်နေသော လူငယ်များ၊ ပညာသင်အရွယ် ကလေးငယ်များ မိသားစု ရင်ခွင်သို့ ပြန်လာ၍ ပြန်လည်ပညာသင်ကြားနိုင်မည် ဖြစ်သည်။ တစ်စတစ်စ ပိုမို ငြိမ်းချမ်းလာပါက PDF များလည်း ပြည်ပရောက် ကိုယ်ကျိုးရှာ လူတစ်စု၏ အသုံးချခံဘဝမှ လွတ်မြောက်ကာ နိုင်ငံတော်အတွက် စစ်မှုထမ်းဥပဒေ ကျင့်သုံးနေရမှုများလည်း အဆုံးသတ်နိုင်မည် ဖြစ်သည်။ လက်နက်ကိုင် လမ်းစဉ်များအစား စာသင်ကျောင်းများတွင် ပညာသင်ကြားခြင်းဖြင့် တိုင်းပြည်၏ အဖိုးတန် လူသားအရင်းအမြစ်များကို ပြန်လည် ပြုစုပျိုးထောင်နိုင်ခြင်းသည်သာ နိုင်ငံပြန်လည်ဖွံ့ဖြိုးတိုးတက်မည့် လမ်းကြောင်းအမှန်လည်း ဖြစ်သည်။ လူငယ်များ၏ အနာဂတ်သည် တောတောင်များထဲတွင် မဟုတ်ဘဲ စာသင်ခန်းများနှင့် လုပ်ငန်းခွင်များထဲတွင်သာ ရှိသင့်ပေသည်။
ငါးနှစ်တာ ကာလအတွင်း ပျက်စီးဆုံးရှုံးခဲ့ရသည်များကို ပြန်လည် အစားထိုး တည်ဆောက်ရန်အတွက် ယခုနှစ်သစ်သည် အကောင်းဆုံး အခွင့်အရေး ဖြစ်ပြီး ကျန်ရှိနေသေးသော ဒုတိယအကြိမ်နှင့် တတိယအကြိမ် ရွေးကောက်ပွဲများသည် အဆုံးအဖြတ် ပေးနိုင်သော အခိုက်အတန့်များ ဖြစ်သည်။ ကနဦး ရှုံးနိမ့်နေသူများပင် အသိဉာဏ်မြင့်သော ပြည်သူလူထု၏ ထောက်ခံမှု ရရှိပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ်တွင် တစ်ခဲနက် မဲပေးကြပါက ပြန်လည် အနိုင်ရနိုင်သည့် အခွင့်အလမ်းများ ရှိနေဆဲ ဖြစ်သည်။ ထိုသို့ လူတော်လူကောင်းများစွာ လွှတ်တော်အတွင်းသို့ ရောက်ရှိလာခြင်းသည် အနာဂတ်တွင် အစိုးရနှင့် တပ်မတော်အကြား ဟန်ချက်ညီညီ အပြန်အလှန် ထိန်းကျောင်းနိုင်မည့် အခွင့်အလမ်းကောင်းလည်းဖြစ်သည့်အပြင် လက်နက်ကိုင်လမ်းစဥ်ကို မယုံကြည်၍ ရွေးကောက်ပွဲဝင်သူများ လွှတ်တော်နိုင်ငံရေးတွင် အခိုင်အမာနေရာရလာခြင်းက ၂၀၂၀ ပြည့်နှစ်ကဲ့သို့သော မဲမသမာမှု ဖြစ်ရပ်ဆိုးများနှင့် ဒီမိုကရေစီ နောက်ပြန်လှည့်မှုကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး အမေရိကန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား နိုင်ငံတို့ကဲ့သို့ ခိုင်မာသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အကောင်းဆုံး ကူးပြောင်း တည်ဆောက်နိုင်မည်လည်း ဖြစ်သည်။
သို့ဖြစ်ပါ၍ ယခု ၂၀၂၆ ခုနှစ်မှ စတင်ကာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရန် ပြည်သူတစ်ရပ်လုံးက မိမိတို့၏ မဲပေးပိုင်ခွင့်ကို အမိအရ ဆုပ်ကိုင်ကြပါစို့ဟု MT News က တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ထို့အပြင် နှစ်သစ်မင်္ဂလာ အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာ၍ စစ်မီးများငြိမ်းအေးကာ စီးပွားရေး၊ ပညာရေး ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို စည်းလုံးညီညွတ်စွာဖြင့် အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ပါစေကြောင်းလည်း MT News က ထပ်လောင်းကာ မေတ္တာပို့သ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
