◾️ ၂၀၂၆ ခုနှစ်သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်အသစ်ကို ပြန်လည်တည်ဆောက်နိုင်မည့်နှစ်ဟု ယုံကြည်ကြောင်း ပြောကြား
◾️ လက်ရှိအစိုးရကာလအတွင်း တွေ့ဆုံဆွေးနွေးမှုများမှ ရရှိလာသည့် အခြေခံဥပဒေပြင်ဆင်နိုင်ရေး အချက် ၄၃ ချက်ကို လွှတ်တော်တွင် ဆွေးနွေးပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်
၁. ၁. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅ ခုနှစ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာစဉ်က ပါရှိခဲ့သည့် ကိစ္စရပ်အားလုံးကို အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
ကျော်ဖြတ်ခဲ့သည့် ၂၀၂၅ ခုနှစ်သည် မြန်မာနိုင်ငံအတွက် အင်မတန်အရေးကြီးသည့် နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာစဉ်က ပါရှိခဲ့သည့်ကိစ္စရပ်အားလုံးကို အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အထွေထွေ ရွေးကောက်ပွဲတစ်ရပ် မဖြစ်မနေ ကျင်းပပေးရန်လိုအပ်ခဲ့ခြင်းကြောင့် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာထားခြင်းမှ ရုပ်သိမ်းပေးနိုင်ရန်နှင့် ပေးအပ်ထားသော နိုင်ငံ့တာဝန်များကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ ပြန်လည်အပ်နှံခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ သတ်မှတ်ချက်များအတိုင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် အမြန်ဆုံးကျင်းပပေးရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်း၊ မဲမသမာမှုများ မဖြစ်ပေါ်စေရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)စက်များကို အသုံးပြုဆောင်ရွက်နေကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်စဉ်ကတည်းက နိုင်ငံတော်ရှေ့ဆက်လျှောက်လှမ်းရမယ့် လမ်းကြောင်းကို မျှော်မှန်းပြီး ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာ ချမှတ်ကာ အကောင်အထည်ဖော် လျှောက်လှမ်းခဲ့ပါတယ်။ ဒီ ဦးတည်ချက်တွေ အောင်မြင်ဖို့ ပြည်သူများရဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြမှုနဲ့အတူ အခုဆိုရင်ကျွန်တော်တို့ ပြည်သူအားလုံး လိုလားတောင့်တ လျှောက်လှမ်းလိုတဲ့ ပါတီစုံဒီမိုကရေစီ ပန်းတိုင်ကို လှမ်းမြင်နေရပြီဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်ခဲ့ခြင်းက သက်ဆိုင်ရာမြို့နယ်များတွင်ရှိသည့် ပါတီစုံဒီမိုကရေစီကို ချစ်မြတ်နိုးသည့် မဲဆန္ဒရှင်ပြည်သူလူထု၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“တက်ကြွစွာ လာရောက်မဲပေးကြတဲ့ မဲဆန္ဒရှင် ပြည်သူပြည်သားအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပနေတာဖြစ်တဲ့အတွက် ကျန်ရှိတဲ့ မြို့နယ်တွေက မဲဆန္ဒရှင်ပြည်သူများအနေနဲ့ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးကို အပြည့်အဝအသုံးချပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးကြဖို့လည်းလိုအပ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
၂၀၂၅ ခုနှစ်အတွင်း၌ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိတ်ဆွေနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်နိုင်ခဲ့သလို ပြည်တွင်းထုတ်ကုန်များကို ပြည်ပဈေးကွက်ရရှိစေရန်နှင့် ပြည်တွင်း၌ အဓိကလိုအပ်နေသည့် နေရာများတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရန်အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား အပါအဝင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အရေးပါသည့် အခြေခံအုတ်မြစ်များကို ချမှတ်နိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ကျွန်တော်တို့ အစိုးရကာလအတွင်း တွေ့ဆုံဆွေးနွေးမှုတွေကနေ ရရှိလာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော်မယ်ဆိုတဲ့ အချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှာ ပြင်ဆင်နိုင်ရေးအတွက် အချက် ၄၃ ချက်တို့ကို သဘောတူညီခဲ့ကြပြီးဖြစ်လို့ ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာ ဆွေးနွေးပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်တာဝန်ယူစဉ် တစ်လျှောက်လုံး နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲပြီးသည့်ကာလတွင် ထွက်ပေါ် လာမည့်အစိုးရကို နိုင်ငံ့တာဝန်များ လွှဲပြောင်းပေးအပ်ပြီး ဒုတိယစာမျက်နှာကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ယခု ကူးပြောင်းရောက်ရှိတဲ့ ၂၀၂၆ ခုနှစ်ဟာ ကျွန်တော်တို့ နိုင်ငံအတွက် မင်္ဂလာရှိတဲ့ နှစ်သစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြန်လည်တည်ဆောက်နိုင်မယ့်နှစ်လို့ ယုံကြည်ပါတယ်။ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် နှစ်တစ်နှစ်ဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံးရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာမယ့်နှစ်လို့လည်း ယုံကြည်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်တွင် နှစ်ဟောင်းက အတွေ့အကြုံများကို သင်ခန်းစာယူပြီး နိုင်ငံနှင့်လူမျိုးကို ချစ်သည့်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်များကိုအခြေခံကာ အချင်းချင်းစည်းလုံး ညီညွတ်မှု၊ နားလည်ယုံကြည်မှုများနှင့် အောင်မြင်အောင် ကျော်လွှားသွားကြရမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်သည် မိဘပြည်သူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး၏ အောင်ပွဲဖြစ်သည့် ဒီမိုကရေစီ ပန်းတိုင်ကို အရောက်လှမ်းပြီး နိုင်ငံအတွက် သမိုင်းကောင်းအမွေကို လက်ဆင့်ကမ်းပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ယခုလို မင်္ဂလာရှိတဲ့ နှစ်သစ်ကူး အချိန်အခါသမယကစပြီး မြန်မာနိုင်ငံသူနိုင်ငံသား၊ မိဘပြည်သူတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် မေတ္တာ စေတနာ ထားပြီး ပြည်ထောင်စုကြီးရဲ့ ကောင်းကျိုးစီးပွားကို ဖော်ဆောင်ပေး နိုင်ကြပါစေ၊ မှန်ကန်တဲ့ အတွေးသစ်၊ အမြင်သစ်၊ ယုံကြည်ချက် ခံယူချက်အသစ်တွေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနဲ့ ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ကြပါစေ၊ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ အေးချမ်းသာယာတဲ့ ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ” ဟု ယာယီသမ္မတက ဆက်လက် ပြောကြားသည်။
