◾️ ရွေးကောက်ပွဲ အပိုင်း (၁) လုပ်ငန်းစဉ်အားလုံးတွင် ပြီးပြည့်စုံမှုရှိပြီး တာဝန်ခံမှုအပြည့်ဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက မှတ်ချက်ပေး
၃၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲ အပိုင်း (၂) နှင့် အပိုင်း (၃) တို့ကိုလည်း အောင်မြင်စွာ ကျင်းပပြီးဆုံးသည်အထိ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင်၍ ကဏ္ဍအသီးသီးမှ ဆောင်ရွက်သွားကြရန် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယနေ့ ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၆/၂၀၂၅)တွင် ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ လုပ်ဆောင်ချက်များအပေါ်ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့ပြင် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသံရုံးများမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများကလည်း သက်ဆိုင်ရာမဲရုံများသို့ သွားရောက်၍ စောင့်ကြည့် လေ့လာမှုများ ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းစဉ်များအားလုံးတွင် ပြီးပြည့်စုံမှုရှိပြီး တာဝန်ခံမှုအပြည့်အဝဖြင့် အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ဟု မှတ်ချက်များ ပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့ကြောင့် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ပြည်သူလူထုက လိုလားတောင့်တလျက်ရှိသော လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂) နှင့် အပိုင်း (၃) တို့ကိုလည်း အောင်မြင်စွာ ကျင်းပပြီးဆုံးသည်အထိ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင်၍ ကဏ္ဍအသီးသီးမှ ဆောင်ရွက်သွားကြရန် နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားသည်။
