သက်တံ့
၃၁. ၁၂. ၂၀၂၅
ဟောင်ကောင်ရှိ အိမ်ရာဝင်းတစ်ခုမှ အိမ်ရာမန်နေဂျာတစ်ဦးသည် ဆယ်စုနှစ်တစ်ခုအတွင်း ချက်လက်မှတ်များတွင် သုညတစ်လုံးစီ ထပ်တိုးကာ ငွေထုတ်ယူခြင်းဖြင့် ဟောင်ကောင်ဒေါ်လာ ၆၁ ဒသမ ၁ သန်း (အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ သန်း) လိမ်လည်ခိုးယူခဲ့မှုကြောင့် ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံခဲ့ရသည်။
တရားခံ ဝေါင်ဝေလုံသည် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ Tseung Kwan O ဒေသရှိ Choi Ming Court အိမ်ရာဝင်း၏ ချက်လက်မှတ်များနှင့် ဘဏ္ဍာရေးစာရွက်စာတမ်းများကို ကြီးကြပ်ရသူအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူဖြစ်သည်။ ၎င်းသည် မိမိအပေါ်ထားရှိသည့် ယုံကြည်မှုကို အလွဲသုံးစားလုပ်ကာ ခိုးယူထားသော ငွေများအားလုံးကို လောင်းကစားရာတွင် အသုံးပြုခဲ့ခြင်းကြောင့် ပြင်းထန်သော ပြစ်ဒဏ်နှင့် ထိုက်တန်ကြောင်း အင်္ဂါနေ့တွင် တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့သည်။
တရားသူကြီး ဂျော်နီချန်က “တရားခံဟာ ဒီပြစ်မှုတွေကို အစီအစဉ်တကျနဲ့ သေချာပြင်ဆင်ပြီး ကျူးလွန်ခဲ့တာဖြစ်ကြောင်း အချက်အလက်တွေက ဖော်ပြနေတယ်” ဟု ပြောကြားခဲ့သည်။
ဤခိုးယူမှုသည် ဟောင်ကောင်ရှိ လူနေအိမ်ရာ အကျိုးဆောင်အဖွဲ့အစည်းတစ်ခုထံမှ အများဆုံး ခိုးယူခံရသည့် ပမာဏအဖြစ် စံချိန်တင်ခဲ့သည်။
အသက် ၅၃ နှစ်အရွယ် ကလေးတစ်ဦးဖခင်ဖြစ်သူ ဝေါင်က ၎င်းသည် အိမ်ရာလုပ်ငန်း အသုံးစရိတ်များအတွက် ထုတ်ပေးသည့် ချက်လက်မှတ်များတွင် လက်မှတ်ထိုးပြီးနောက် ငွေမထုတ်မီ နောက်ဆုံးတွင် ‘သုည’ တစ်လုံးစီ ထပ်တိုးကာ ၁၀ ဆ မြှောက်၍ ထုတ်ယူခဲ့ကြောင်း ဝန်ခံခဲ့သည်။
၎င်းက ချက်လက်မှတ်တွင် လက်မှတ်ထိုးခိုင်းသည့်အချိန်၌ ငွေပမာဏကို ဂဏန်းဖြင့်သာ ရေးသားထားလေ့ရှိပြီး၊ အစစ်အမှန် ငွေထုတ်ယူမည့် ချက်လက်မှတ်များနှင့် လိမ်လည်မည့် ချက်လက်မှတ်များကို တစ်ပြိုင်တည်း ရောနှောကာ လက်မှတ်ထိုးခိုင်းခြင်းဖြင့် လူမရိပ်မိအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၎င်းသည် Choi Ming Court ၏ ဘဏ်စာအုပ်များ၊ ဘဏ်စာရင်းရှင်းတမ်းများနှင့် အတည်ပြုစာလွှာများကိုလည်း ဖြတ်ညှပ်ကပ်လုပ်ကာ မိတ္တူကူးပြီး အတုအယောင် စာရွက်စာတမ်းများ ပြုလုပ်ခဲ့သည်။ ထိုစာရွက်စာတမ်းများကို ၎င်း၏အလုပ်ရှင် Guardian Property Management ထံသို့ စာရင်းစစ်ဆေးရန် တင်ပြခြင်းဖြင့် နှစ်ပေါင်းများစွာ လိမ်လည်နိုင်ခဲ့ခြင်းဖြစ်သည်။
Ref : SCMP
