၂၉.၁၂.၂၀၂၅
Written by Nay Yaung Lin
၂၀၂၅ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပြည်သူ့ပါတီ(PP)က ရန်ကုန်တိုင်းဒေသကြီး ၁၂ မြို့နယ်တွင် ဒုတိယရလဒ်သာ ရရှိခဲ့ကြောင်း ပြည်သူ့ပါတီ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက ဒီဇင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီခွဲတွင် MT News သတင်းဌာနသို့ ပြောကြားခဲ့သည်။
ကိုယ်စားလှယ်လောင်းအချို့သည် အစွန်းထွက်အားဖြင့် တတိယနေရာ၊ စတုတ္ထနေရာသို့ ဆင်းသွားခြင်းမျိုးရှိသော်လည်း ၉၅ ရာခိုင်နှုန်းခန့်သည် ဒုတိယနေရာတွင် ရှိနေကြောင်း ဦးလှဌေးက ပြောကြားခဲ့သည်။
“မဲစာရင်းရလဒ်အနေနဲ့ ရန်ကုန်တိုင်းမှာ ပြည်သူ့ပါတီက ဒုတိယနေရာမှာပဲ ရှိပါတယ်ဗျ။ ၁၂ နေရာစလုံး နီးပါးပါပဲ။ ကျွန်တော်တို့ ဒုတိယရလဒ် ရရှိနေပါတယ်။ ကိုယ်စားလှယ်အရပ်ရပ်မှာတော့ အားလုံးတော့ မဟုတ်ဘူးပေါ့နော်။ အစွန်းထွက် နည်းနည်းပါးပါးလေးကတော့ တတိယ၊ စတုတ္ထဆင်းသွားတာမျိုး နှစ်ယောက်၊ သုံးယောက်တော့ ရှိတယ်ပေါ့။ ဒါပေမဲ့ အများစုက ၉၅ ရာခိုင်နှုန်း ဒုတိယနေရာမှာရထားပါတယ် ” ဟု ပြည်သူ့ပါတီ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက ပြောကြားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲ အပိုင်း(၁) ရလဒ်တွင် အင်အားကြီးပါတီဟု နာမ်စားပြုသုံးနှုန်းထားသည့် ပြည်ခိုင်ဖြိုးပါတီက အပြတ်အသတ်အနိုင်ရရှိသွားကြောင်းကိုလည်း ဦးလှဌေးက ဝန်ခံခဲ့သည်။
ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးလှဌေးက “ပထမပိုင်းရလဒ်မှာတော့ လုပ်ပိုင်ခွင့်လည်း ရှိနေတယ်။ အင်အားကြီးပါတီကပဲ အပြတ်အသတ်အနိုင်ရရှိသွားတာပေါ့နော်။ အဲဒီအပေါ်မှာ လူထုအနေနဲ့က စဉ်းစားရမယ်။ ဒီရွေးကောက်ပွဲရဲ့ ထူးခြားတဲ့အရပ်ရပ်ကတော့ လူထုကို အခွင့်အရေးပေးထားတယ်။ ပထမအကြိမ်ဖြစ်ပေါ်လာတဲ့ ရလဒ်အပေါ်မှာ လူထုက ကြိုက်သလား။ မကြိုက်ဘူးလား။ မကြိုက်ရင် ဒုတိယအကြိမ်မှာ ရလဒ်ကိုပြောင်းအောင် ဘယ်လိုလုပ်ရမလဲ။ တတိယအကြိမ်မှာ ရလဒ်ကိုပြောင်းအောင် ဘယ်လိုလုပ်ရမလဲ။ လူထုကို အခွင့်အရေးပေးထားတယ်။ အဲဒါကို လူထုက သေသေချာချာရယူပြီးတော့ ကိုယ်လိုချင်တဲ့ ရလဒ်ရအောင်လို့ အပြောင်းအလဲတစ်ခုဖြစ်အောင်လို့ လုပ်ဆောင်သွားဖို့ လိုအပ်တာပေါ့နော် ” ဟု ပြောကြားခဲ့သည်။
၂၀၂၅ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ရန်ကုန်တိုင်းဒေသကြီး၌ ၁၂ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ ပြည်သူ့ပါတီအနေဖြင့် အဆိုပါမြို့နယ်များအားလုံးတွင် ကိုယ်စားလှယ်လောင်းနေရာအရပ်ရပ်၌ စုစုပေါင်း ၃၆ ယောက် (PR မပါ) ယှဉ်ပြိုင်ခဲ့ပြီး PR ပါလျှင် အိမ်ပြည့်အနေအထားဖြင့် ၇၂ ယောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
“ကျန်တဲ့ PR အတွက် မဲတွေက မျှော်လင့်လို့ရနိုင်တယ်။ PR က အချိုးကျကိုယ်စားပြုစနစ်ကို ပေးထားတဲ့အတွက်ကြောင့် ပါတီတစ်ခုတည်းကပဲ ယူလို့မရဘူး။ အခြားပါတီတွေလည်း အချိုးကျရသွားမှာဖြစ်တဲ့အတွက်ကြောင့် ကျန်တဲ့ပါတီတွေက PR ကိုဆက်ပြီး ဦးတည်ပြီး သွားဖို့လိုပါတယ်ဗျ”ဟု ဦးလှဌေးက ဆက်လက်ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်က တရားဝင်ရလဒ်အတိအကျ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း တာဝန်ရှိသူများနှင့် ပါတီတာဝန်ခံများ၏ စာရင်းပြုစုချက်များအရ ကနဦးမဲရလဒ်များတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာနှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်လောင်းနေရာ(FPTP)တို့ ၏ အနိုင်ရလဒ်ကို သိရှိနိုင်ပြီဖြစ်သည်။
သို့သော် ကျန်လွှတ်တော်ကိုယ်စားလှယ်နေရာများဖြစ်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(FPTP)၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(PR)နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ်(PR) တို့၏ မဲရလဒ်များအနေဖြင့် ရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃)တို့ကို ကျင်းပပြီးမှသာ ရလဒ်အားဖြင့် ထွက်ပေါ်လာမည်ဖြစ်သည်။
ထို့ကြောင့် PR ကိုယ်စားလှယ်လောင်းများနေရာတွင် မျှော်လင့်၍ ရနိုင်သေးကြောင်း ဦးလှဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲအပိုင်း(၂)၌ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆ မြို့နယ် ကျင်းပမည်ဖြစ်ရာ ပြည်သူ့ပါတီအနေဖြင့် ၉၆ ယောက် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်မြင်တဲ့အချက် နှစ်ချက်ရှိတယ်။ ပထမအချက်က လူထုက ထွက်ပြီးတော့ မဲပေးပါ။ နောက်တစ်ခုက လူထုက မဲပေးတဲ့အခါမှာလည်း အဲဒီလို မဲမပြန့်သွားဖို့အတွက် ဘယ်ပါတီကို နိုင်စေချင်တာလဲ။ နိုင်စေချင်တဲ့ ပါတီကို ရွေးချယ်ပြီးတော့ သူ့ကိုစုပြီးတော့ အားလုံးကို ပုံအောပေးလိုက်မယ်ဆိုရင် အဲဒီပါတီက အနိုင်ရတဲ့ပါတီဖြစ်သွားမှာပါ” ဟု ဦးလှဌေးက ဆိုသည်။
ရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပမည့်မြို့နယ်များမှာ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန်မြို့နယ်တို့ဖြစ်ကြသည်။





