နေမိုး
၂၉. ၁၂. ၂၀၂၅
ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော မြန်မာ့ရွေးကောက်ပွဲ ပထမပိုင်းတွင် ရွေးကောက်ပွဲစောင့်ကြည့်မှုရာ၌ ပါဝင်ခဲ့သော မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့၏ အကြံပေး ဦးညိုအုန်းမြင့်ကို NUG နှင့် PDF ထောက်ခံပြီး ရွေးကောက်ပွဲမနှစ်မြို့သူများက သတ်ဖြတ်ရန် ခြိမ်းခြောက်နေကြသဖြင့် ဦးညိုအုန်းမြင့်က အမေရိကန်နိုင်ငံသားခံယူထားသူတချို့ကို အကြမ်းဖက်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း အမေရိကန်ကောင်စစ်ဝန်ချုပ်ထံ အကြောင်းကြားရတော့မည့်ဟု တုံ့ပြန်လိုက်သည်။
ယမန်နေ့က ရွေးကောက်ပွဲကျင်းပနေသည်များကို ဦးညိုအုန်းမြင့်က လွတ်လပ်မျှတမှုမရှိ နိုင်ငံတကာအဖွဲ့အစည်းများနည်းတူ စောင့်ကြည့်လေ့လာခဲ့ပြီးနောက် ရွေးကောက်ပွဲမှာ တရာမမျှတသည့် အခြေအနေမတွေ့ရကြောင်း ဖြေဆိုမှုများအပါအဝင် ပို့စ်များကို Facebook ပေါ် ရေးသားဖြေဆိုမှုများ ပြုလုပ်ခဲ့ရာ အဆိုပါရေးသားမှုများအနက် “Myanmar Narrative မှာပါလို့ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာအဖွဲ့တွေလို လေ့လာစောင့်ကြည့်ခွင့်ရပါတယ်။ အေးအေးချမ်းချမ်းပါပဲ။ အရဲစွန့်လာပေးကြတဲ့ မဲဆန္ဒရှင်တွေက မနက် ၈ နာရီဝန်းကျင်ကတည်းက ရောက်နေပါပြီ။ နေ့လည် ၁၂ နာရီအထိ လိုက်ကြည့်တဲ့မဲရုံ ၉ ရုံမှာ မှတ်ပုံတင်ထားတဲ့ မဲပေးနိုင်သူ ၃၀% ကျော်လာပေးထားတာ တွေ့ရပါတယ်။”ဆိုသော ပို့စ်နှင့် “မရမ်းကုန်း ၅၀% ကျော်၊ မဲရုံမပိတ်ခင်လာနေတုန်း” ဆိုသည့် ပို့စ်နှစ်ခုကို NLD, NUG နှင့် PDF ထောက်ခံသည့် Kyaw K Thein ဆိုသည့် အကောင့်တစ်ခုက Screenshot ရိုက်ကာ နွေဦးတော်လှန်ရေးလုပ်သော Spring Revolution Page ကို Tag တွဲပြီး “ဒီလူတွေသည် ရန်သူတိုက်ခိုက်ရေးသမားတွေ”ဟု မျှဝေခဲ့ရာ Aung Myo Kyaw အကောင့်က “ဒီကောင်တွေ စစ်ရေးပစ်မှတ် သတ်မှတ်ရမှာ အကို။ ခမမှာ ဒီကောင်တွေနဲ့ မေးထူးခေါ်ပြော ရန်ငါမပြတ်တဲ့သူတွေ ရှိနေသေးတယ်”ဟု ပြောဆိုမှုအပါအဝင် သတ်ဖြတ်ရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။


အဆိုပါ NLD, NUG နှင့် PDF ထောက်ခံသည့်သူများက ဦးညိုအုန်းမြင့်ကို သတ်ဖြတ်ရန် လှုံ့ဆော်မှုအပေါ် ဦးညိုအုန်းမြင့်ကလည်း “ဒီလူတွေလုပ်တာနဲ့ ထိုင်းအမျိုးသား လုံခြုံရေး တာဝန်ရှိသူတွေကတဆင့် လူဝင်မှုကြီးကြပ်ရေး၊ မိတ်ဆွေ တန်ပြန်ထောက်လှမ်းရေးတို့က သူတွေကို ဆွေးနွေးပြီး လိုအပ်တာပြင်ဆင်ရဦးမယ်။ ထိုင်းနိုင်ငံမှာရောက်နေတဲ့ အမေရိကန် ဖယ်ဒရယ် စုံစမ်းရေးဗျူရိုကို လက်လှမ်းမှီတဲ့သူတွေနဲ့လည်း အလုပ်ရှုပ်ရဦးမယ်။ အမေရိကန်ကောင်စစ်ဝန်ချုပ်ကိုလည်း အမေရိကန်နိုင်ငံသားခံယူထားသူတစ်ချို့ အကြမ်းဖက်ဖို့ အရိပ်အရောင်ပြနေပြီလို့ အကြောင်းကြားရပါတော့မယ်။ ကိုယ့်အသက်အန္တရာယ် လုံခြုံရေးအတွက် ခုခံကာကွယ်ဖို့၊ ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်မှုတွေ၊ နောက်ဆက်တွဲဖြစ်လာမဲ့အကျိုးဆက်တွေကို ဥပဒေဘောင်ထဲက ပဲဆောင်ရွက်သွားမှာပါ။ မူလတန်းတုန်းက အတန်းဖော် သူငယ်ချင်းမတွေ ပြောသလို လက်လေးပိုက်ပြီး “တိုင်ပြောမယ်၊ ဆရာမနဲ့တိုင်ပြောမယ်” မဟုတ်ဘူးနော်။” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
ဦးညိုအုန်းမြင့်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်အဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သူ၊ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD – LA ၏ နိုင်ငံခြားရေး တာဝန်ခံအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သလို မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော NCA စာချုပ်တွင်လည်း ကနဦးကပင် ငြိမ်းချမ်းရေးအတွက် ပါဝင်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း NLD, NUG နှင့် PDF တို့ကို မထောက်ခံသူများအား သတ်ဖြတ်ရန် Hitlist စာရင်းရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့စဉ်ကလည်း အမေရိကန်နိုင်ငံသားခံယူထားပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် ပါဝင်လုပ်ကိုင်နေသူများ၏ အမည်များလည်း ပါဝင်ခဲ့ဖူးသလို ယခုလည်း ဦးညိုအုန်းမြင့်ကိုသာမက VOA ဌာနမှူးဟောင်း ကိုသန်းလွင်ထွန်းကိုပါ တိုက်ခိုက်မှုပြုရန် လှုံ့ဆော်မှုများရှိနေသည်။


