၂၉.၁၂.၂၀၂၅
Translated by Htwe Ko Tun
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နိုင်ငံတော် နျူကလီးယားတိုက်ခိုက်ရေးတပ်ဖွဲ့တွေရဲ့ အကန့်အသတ်မရှိနဲ့ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်မှုကို တောင်းဆိုကာ တာဝေးပစ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဒီဇင်ဘာလ ၂၉ ရက် ဖော်ပြခဲ့ပါတယ်။
KCNA ရဲ့ အဆိုအရ အဆိုပါလေ့ကျင့်မှုကို ပင်လယ်ဝါဒေသအတွင်း ဒီဇင်ဘာလ ၂၈ ရက်က ပြုလုပ်ခဲ့ပြီး “မြောက်ကိုရီးယားရဲ့ မဟာဗျူဟာမြောက် တန်ပြန်တိုက်ခိုက်မှုစွမ်းရည်ရဲ့ လုံးဝယုံကြည်စိတ်ချရမှုနဲ့ တိုက်ပွဲဝင်အသင့်ဖြစ်မှုကို ပြသခဲ့တယ်”လို့ ဆိုပါတယ်။
မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေက ကြိုတင်သတ်မှတ်ထားတဲ့ ပျံသန်းမှုပတ်လမ်းတစ်လျှောက် ပစ်မှတ်ကိုထိမှန်ဖို့ ၁၀,၁၉၉ စက္ကန့် နဲ့ ၁၀,၂၀၃ စက္ကန့်ကြာအောင် ပျံသန်းခဲ့ကြတယ်လို့ KCNA သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ကင်ဂျုံအွန်က ကိုရီးယားအလုပ်သမားပါတီနဲ့ မြောက်ကိုရီးယား အစိုးရဟာ နိုင်ငံတော်နျူကလီးယား တိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အကန့်အသတ်မရှိနဲ့ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုအားလုံးကို ဆောင်ရွက်သွားမယ်လို့ အတည်ပြုပြောခဲ့တယ်လို့လည်း KCNA က ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုအမျိုးမျိုးကို ရင်ဆိုင်နေရတာကြောင့် မြောက်ကိုရီးယားရဲ့နျူကလီးယားအတားအဆီးလက်နက်တွေမှာပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ ယုံကြည်စိတ်ချရမှုနဲ့ လျင်မြန်စွာတုံ့ပြန်မှုကို ပုံမှန်စစ်ဆေးဖို့ အရေးကြီးတယ်လို့ ကင်မ်က အလေးပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၈ ရက် နံနက် ၈ နာရီခန့်မှာ ပြုံယမ်းအနီးရှိ ဆူနန်ဒေသမှ ဒုံးကျည်များစွာ ပစ်လွှတ်မှုကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး ယခုနှစ်ကုန်မှာ မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ်မှုတွေ ထပ်မံပြုလုပ်လာနိုင်တာ ထောက်ပြခဲ့ပါတယ်။
နောက်ဆုံးဒုံးကျည်ပစ်လွှတ်မှုက ကင်မ်ဟာ ဒီဇင်ဘာလ ၂၄ ရက်က အရှေ့ပင်လယ်မှာ တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်အသစ်များ စမ်းသပ်ပစ်ခတ်ခြင်းကို စစ်ဆေးပြီးနောက် ပြုလုပ်တာလည်းဖြစ်ပါတယ်။
လာမယ့်နှစ်မှာ ကျင်းပမယ့် အဓိကပါတီညီလာခံမတိုင်မီမှာ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ကာကွယ်ရေးကဏ္ဍမှာ နိုင်ငံရဲ့အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်ရေးနဲ့သက်ဆိုင်တဲ့နေရာတွေကို စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
ကင်မ်က တည်ဆောက်ဆဲ တန်ချိန် ၈,၇၀၀ ရှိတဲ့နျူကလီးယားစွမ်းအင်သုံး မဟာဗျူဟာမြောက် လမ်းညွှန်ဒုံးကျည်ရေငုပ်သင်္ဘောကို စစ်ဆေးခဲ့ပြီး တောင်ကိုရီးယားရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေတည်ဆောက်မယ့် အစီအစဉ်က မြောက်ကိုရီးယားရဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
Ref : Yonhap
