MT News
၂၈. ၁၂. ၂၀၂၅
တရုတ်စစ်ဘက်အတွင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးစီမံချက်တွင် ထိပ်တန်းစစ်ဘက်အရာရှိကြီး သုံးဦး ထပ်မံပါဝင်သွားခဲ့ပြီး ၎င်းတို့ကို အမျိုးသားဥပဒေပြုလွှတ်တော်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။
ဗဟိုစစ်ကောင်စီ (CMC) ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ အကြီးအကဲ ဝမ်ရန်ဟွာ (Wang Renhua)၊ ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့ (PAP) ၏ နိုင်ငံရေးမှူး ကျန်းဟုန်ဘင်း (Zhang Hongbing) နှင့် ဗဟိုစစ်ကောင်စီ လေ့ကျင့်ရေးဌာန ညွှန်ကြားရေးမှူး ဝမ်ဖန် (Wang Peng) တို့ကို ထုတ်ပယ်လိုက်ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီက စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပယ်လိုက်သော်လည်း တရုတ်နိုင်ငံ၏ အဆင့်ဆင့်အရေးယူမှုပုံစံအရ ၎င်းတို့ သုံးဦးစလုံးမှာ ကွန်မြူနစ်ပါတီ၏ ထိပ်တန်းဆုံးဖြတ်ချက်ချမှတ်ရေးအဖွဲ့ဖြစ်သော ဗဟိုကော်မတီ၏ အမြဲတမ်းအဖွဲ့ဝင်များ ဖြစ်ကြဆဲဖြစ်ပြီး မကြာမီအချိန်တွင် ထိုရာထူးမှ ဖယ်ရှားကာ စစ်ဆေးအရေးယူခံရမည့်အခြေအနေဖြစ်သည်။
ယခုထုတ်ပြန်ချက်သည် အဆိုပါဗိုလ်ချုပ်ကြီးများ၏ ကံကြမ္မာနှင့်ပတ်သက်၍ ထွက်ပေါ်နေသော ခန့်မှန်းချက်များကို အတည်ပြုပေးလိုက်ခြင်းလည်း ဖြစ်သည်။ ၎င်းတို့သည် ဇူလိုင်လကုန်ပိုင်းက ပြုလုပ်ခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် အောက်တိုဘာလက ပြုလုပ်ခဲ့သော ပါတီ၏ စတုတ္ထအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေး အပါအဝင် အရေးကြီးသော ပွဲလမ်းသဘင်များတွင် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ကြသည်။
ဝမ်ရန်ဟွာ (အသက် ၆၃ နှစ်)သည် ပြီးခဲ့သည့်နှစ်ကမှ သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် ဗိုလ်ချုပ်ကြီး (ရေ) အဆင့်သို့ တိုးမြှင့်ပေးခဲ့သူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ တရားရုံးများ၊ အစိုးရရှေ့နေရုံးများနှင့် ထောင်များကို တာဝန်ယူကိုင်တွယ်ခဲ့ရသူ ဖြစ်သည်။ ၎င်းသည် ၂၀၁၅ ခုနှစ် စစ်ဘက်ပြန်လည်ဖွဲ့စည်းမှုအပြီး တတိယမြောက် စစ်ဘက်လုံခြုံရေးအရာရှိချုပ် ဖြစ်လာခဲ့သည်။ ကျန်းဟုန်ဘင်း (အသက် ၅၉ နှစ်) ကမူ ၂၀၂၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ခံရပြီး ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့၏ နိုင်ငံရေးမှူးအဖြစ် ခန့်အပ်ခံရသူ ဖြစ်ကာ အသက် ၆၁ နှစ်အရွယ် ဝမ်ဖန်ကမူ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ခံရကာ ဗဟိုစစ်ကောင်စီ၏ လေ့ကျင့်ရေးနှင့် စီမံခန့်ခွဲရေးဌာန အကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၎င်းသည် စစ်ပွဲကစားနည်း (War Games) များတွင် ရန်သူ့ဘက်မှ ဟန်ဆောင်တိုက်ခိုက်ရသည့် “Blue Force” တပ်ဖွဲ့ကို ဦးဆောင်ကာ အိုင်ဒီယာသစ်များစွာ ရှိသူအဖြစ် နာမည်ကြီးသူ ဖြစ်သည်။
ထို့အပြင် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီသည် အောက်တိုဘာလက ပါတီမှ ထုတ်ပယ်ခံခဲ့ရသည့် ဗဟိုစစ်ကောင်စီ ဒုတိယဥက္ကဋ္ဌဟောင်း ဟယ်ဝေတုန်း (He Weidong) နှင့် PLA နိုင်ငံရေးလုပ်ငန်းဌာန အရာရှိဟောင်း ဟယ်ဟုန်ကျွင်း (He Hongjun) တို့ကိုလည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။
Ref : SCMP
