သက်တံ့
၂၈. ၁၂. ၂၀၂၅
ထိုင်းနိုင်ငံ၏ ဂျက်မ (Jack Ma of Thailand) ဟု အမည်တွင်သူ စီးပွားရေးလုပ်ငန်းရှင် ပရာဆစ်ဂျောင်ကောက်အား MLM ကဲ့သို့သော လူသစ်ရှာကာ ဆင့်ပွားအမြတ်ခွဲဝေသည့် ပိရမစ်စနစ် (Ponzi Scheme) တရားမဝင် ငွေချေးလုပ်ငန်းများဖြင့် ပြည်သူလူထုအား လိမ်လည်ခဲ့မှုအတွက် ထိုင်းရာဇဝတ်တရားရုံးက ထောင်ဒဏ် ၁,၂၁၀ နှစ်ဟူသော သမိုင်းဝင်ပြစ်ဒဏ်ကို ချမှတ်လိုက်သည်။
ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် အရင်းအမြစ်ဆိုင်ရာ ရာဇဝတ်မှုဌာနမှ အစိုးရရှေ့နေများက Nuea Lok ကုမ္ပဏီ၊ Web Sawasdee အများပိုင်ကုမ္ပဏီနှင့် Return Goodness to the Land စီမံကိန်း၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ပရာဆစ် အပါအဝင် ၎င်း၏ အပေါင်းအပါများကို ငွေကြေးလိမ်လည်မှုများဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
တရားခံများသည် ရင်းနှီးမြှုပ်နှံမှု အယောင်ပြလိမ်လည်မှုများဖြင့် လူအများအပြားကို သွေးဆောင်ခဲ့ခြင်းကြောင့် လိမ်လည်မှု၊ လူထုထံမှ ချေးငွေရယူခြင်းဆိုင်ရာ အက်ဥပဒေနှင့် ကွန်ပျူတာဆိုင်ရာ ရာဇဝတ်မှုများဖြင့် စွဲချက်တင်ခံခဲ့ရသည်။ ပရာဆစ်နှင့် ကုမ္ပဏီနှစ်ခုတို့သည် လိမ်လည်မှုပေါင်းများစွာနှင့် တရားမဝင် ချေးငွေရယူမှုတို့တွင် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ထို့အတွက် ပရာဆစ်ကို ပြစ်မှုပေါင်း ၂၄၂ ခုအတွက် တစ်ခုလျှင် ထောင်ဒဏ် ၅ နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် ၁,၂၁၀ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ကုမ္ပဏီများကိုလည်း ဘတ် ၁၂၁ သန်းစီ ဒဏ်ရိုက်ခဲ့သော်လည်း ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဘတ် သန်း ၈၀ ခန့်သို့ လျှော့ချပေးခဲ့သည်။ ပရာဆစ်၏ အမှန်တကယ် ကျခံရမည့်ပြစ်ဒဏ်ကို ၈၀၆ နှစ်နှင့် ၈ လအထိ လျှော့ချသတ်မှတ်ခဲ့သည်။
ဝင်ဂရစ် (Wimgrit) ဟု အမည်ရသော အခြားတရားခံတစ်ဦးကိုလည်း လိမ်လည်မှုတွင် ကူညီပေးခဲ့ခြင်းကြောင့် ပြစ်မှု ၃၇ ခုအတွက် တစ်ခုလျှင် ၃ နှစ်နှင့် ၄ လစီဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၁၁ နှစ်ကျော် ချမှတ်ခဲ့ပြီးနောက် ၇၄ နှစ်၊ ၈ လနှင့် ၂၉ ရက်သို့ လျှော့ချခဲ့သည်။
သို့သော်လည်း ထိုင်းနိုင်ငံဥပဒေအရ အကျဉ်းထောင်တွင် အမှန်တကယ် ကျခံစေနိုင်သည့် အမြင့်ဆုံးသက်တမ်းမှာ အနှစ် ၂၀ သာ ဖြစ်သည်။ ထို့ကြောင့် ပရာဆစ်နှင့် ဝင်ဂရစ်တို့သည် ထိုင်းဥပဒေအရ အနှစ် ၂၀ စီသာ ကျခံရမည်ဖြစ်သည်။ ထို့အပြင် တရားရုံးက လိမ်လည်ခံရသူ ၂၆၇ ဦးအတွက် ပျက်စီးဆုံးရှုံးမှုများကို ပရာဆစ်နှင့် ကုမ္ပဏီများက ပူးတွဲလျော်ပေးရန် အမိန့်ချခဲ့သည်။
ယခင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင်လည်း ပရာဆစ်သည် အခြားလိမ်လည်မှုတစ်ခုဖြင့် ထောင်ဒဏ် ၁,၁၅၅ နှစ် ချမှတ်ခံခဲ့ရဖူးသော်လည်း အမြင့်ဆုံးပြစ်ဒဏ်မှာ အနှစ် ၂၀ သာ ကန့်သတ်ထားရှိခဲ့သည်။ ထိုသို့ ထောင်အနှစ် ၁၀၀၀ ကျော်စီ နှစ်ကြိမ်ချခံရသော်လည်း ပရာဆစ်သည် ထိုင်းနိုင်ငံ၏ တစ်ပေါင်းတည်းပြစ်ဒဏ်နှင့် လူသတ်မှု သို့မဟုတ် နိုင်ငံတော်ပုန်ကန်မှုကဲ့သို့ အမှုကြီးမျိုး မဟုတ်ပါက လူတစ်ဦးကို ထောင်ဒဏ် အနှစ် ၂၀ ထက် ပိုပြီး ချုပ်နှောင်ထားခြင်းမရှိသဖြင့် ပရာဆစ်သည် အကျဉ်းထောင်တွင် ထောင်ဒဏ်အနှစ် ၂၀ သာ ကျခံရမည်ဖြစ်သည်။
ယင်းအပြင် ပရာဆစ်နှင့် ၎င်း၏အပေါင်းအပါများသည် ဘတ်ငွေ တစ်ဘီလျံကျော်ကိုလည်း ပြန်လည်ပေးလျော်ရန် အမိန့်ချမှတ်ခြင်း ခံထားရသည်ဟု သိရသည်။
Ref : Bangkok Post
