၂၈.၁၂.၂၀၂၅
Written by Thiri
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မင်္ဂလာဒုံမြို့နယ်အပိုင် ပလရ (ပြန်လည်နေရာချထားရေး) နယ်မြေမှာ မဲရုံပေါင်း ၁၄ ရုံရှိပြီး မဲရုံအမှတ် ၅ မှာ မဲရုံပိတ်ခါနီးအချိန် လေးနာရီထိုးဖို့ မိနစ်ပိုင်းအလိုအထိ ဆန္ဒမဲပေးမယ့်ပြည်သူ ရာနဲ့ချီ ကျန်ရှိနေသေးတာဖြစ်ပါတယ်။





မဲရုံပေါင်း ၁၄ ရုံ အနက် ရွှေနှင်းဆီရပ်ကွက်နဲ့ ရေကြည်အိုင်ရပ်မှာ မဲရုံအများဆုံးဖြစ်ပြီး အမက ၃၁ ကျောင်း တစ်ကျောင်းထဲမှာတင် ၅ ရုံအထိ ဖွင့်လှစ်ထားတာပါ။
မဲရုံငါးရုံပေါင်းကို ဆန္ဒမဲ ပေးရမယ့် ပြည်သူအရေအတွက်က ၆၀၀၀ ကျော်ရှိနေပြီး ညနေ ၃ နာရီ မိနစ် ၃၀ ကျော်အချိန်အထိ လာရောက် မဲပေးသူအရေအတွက်က တိုးလာနေဆဲမို့ MT Newsက မဲဆန္ဒရှင်ပြည်သူတစ်ဦးကို မေးမြန်းကြည့်ရာ “မနက်ကလည်း တစ်ခေါက်လာသေးတယ်။ အမတို့ရပ်ကွက်က ဈေးသည်၊ လက်လုပ်လက်စား များတော့ မစောင့်နိုင်သူက ပြန်ကြတာပေါ့။ အမလည်း ဒုတိယအခေါက် အဖေတို့ကို လာပို့ရတာ။ မနက်က အမတို့ ညီအမတွေပေးပြီးပြီ။ အခုလည်း ကယ်ရီပြေးဆွဲလိုက် လူချောင်ပြီလား လာကြည့်ပြီး နေရာမှတ်ပြီး ပြန်ပြေးလိုက်နဲ့ လုပ်နေကြရတာ” လို့ သူတို့အခြေအနေကို ရှင်းပြပါတယ်။






ပြည်သူတွေအနေနဲ့ အခုလို ရွေးကောက်ပွဲမှာ အားတက်သရော မဲပေးရတဲ့ မျှော်လင့်ချက်က စစ်မှုထမ်းဥပဒေ ရွှေ့ဆိုင်းရေး၊ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာရေးနဲ့ အခြေခံလူတန်းစားတွေ ဝင်ငွေ ထွက်ငွေ မျှတနိုင်ဖို့ ကုန်ဈေးနှုန်းကျဆင်းရေးဆိုတဲ့ ကဏ္ဍတွေကို အဖြေထုတ်ပေးနိုင်မလား ဆိုတဲ့မျှော်လင့်ချက်တွေ ပါဝင်နေတာကိုလည်း MT News အနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ စကားအပြန်အလှန်ပြောဆိုကြည့်ရာကနေ သိရှိလာရပါတယ်။
ပြန်လည်နေရာချထားရေးနယ်မြေ (ပလရ)မှာ ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်ရှိပြီး မဲဆန္ဒရှင်ပြည်သူပေါင်းက တစ်သောင်း နှစ်ထောင်ကျော် ရှိတယ်လို့လည်း သိရပါတယ်။
နောက်ဆုံးသတင်းတချို့အရလည်း ရွေးကောက်ပွဲမှာ မဲပေးသူအလွန်များနေတာကြောင့် ရန်ကုန်မှာ ရွေးကောက်ပွဲပြီးဆုံးချိန်ကို မူလက ဒေသစံတော်ချိန် ညနေ ၄ နာရီလို့ သတ်မှတ်ထားရာကနေ ညနေ ၅ နာရီအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီး မဲပေးသူများပြားနေတဲ့ မဲရုံတွေ ဆက်လက်ဖွင့်ပေးထားတယ်လို့လည်း ဆိုကြပါတယ်။
