◾ ယနေ့ မဖြစ်မနေ ပြန်ရမည့်သူများ လက်မှတ်မရသဖြင့် အဆင်ပြေရာ အိမ်စီးနှင့် အခြားကားများ ငှားပြီးပြန်နေရ




၂၈.၁၂. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲသို့ ပြန်လည်လာရောက် မဲပေးမှုများသဖြင့် ကားဂိတ်အားလုံးတွင် နေပြည်တော်-ရန်ကုန် ကားလက်မှတ်များကုန်နေပြီး ဝယ်ယူမရသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း MT News သတင်းဌာန၏ မြေပြင်သတင်းရယူမှုမှ သိရသည်။
ယနေ့ တစ်နေ့စာအတွက် နေပြည်တော်မှ ရန်ကုန်အပြန်အတွက် ကားဂိတ်အားလုံးတွင် ကားလက်မှတ်များ အားလုံးကုန်နေပြီး လက်မှတ် ရက်ပြန်ချိန်းသူများရှိမှသာ ကားလက်မှတ်ရရှိသည့် အခြေအနေဖြစ်သည်။
”လက်မှက်က ဒီနေ့အတွက် ညကားအထိ ကုန်ပါပြီ။ ဒီနေ့ပြန်ချင်တယ်ဆိုရင် ကားလက်မှတ်ပြန်ချိန်းတာရှိရင်တော့ ဖုန်းပြန်ဆက်ပေးပါမယ်” ဟု Elite Express နေပြည်တော် သပြေကုန်းကားဂိတ် တာဝန်ရှိသူက ပြောသည်။
ယနေ့တွင် ယခင်က စီးနင်းသူများသည့် Elite၊ မြတ်မန္တလာထွန်း၊ မန္တလာမင်း၊ JJ (ဂျေဂျေ)တို့အပြင် အခြားကားဂိတ်များ၌လည်း လက်မှတ်များ ကုန်နေခြင်းဖြစ်သည်။
မဲပေးရန် ရန်ကုန်မှ နေပြည်တော်သို့ ပြန်ချိန်ဖြစ်သည့် ဒီဇင်ဘာ ၂၆ ရက် (သောကြာနေ့) ညကားနှင့် ဒီဇင်ဘာ ၂၇ ရက် (တနင်္ဂနွေနေ့) တွင်လည်း ရန်ကုန်မှ နေပြည်တော်သို့ ပြန်ရာတွင်လည်း ကားလက်မှတ် အခက်အခဲများရှိခဲ့ပြီး ရသည့်အချိန် ရသည့်ကားဖြင့် ပြန်ခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ယမန်နေ့အထိ နေ၍မရသော ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ ယနေ့တွင် ကားလက်မှတ်မရချိန် အဆင်ပြေရာ အိမ်စီးနှင့် တခြားကားများကို ငှားရမ်းပြန်နေကြခြင်းဖြစ်သည်။
”ကားကတော့ ၄ ယောက်စီး အိမ်စီးကား အရှေ့ထိုင်ခုံသည် တစ်ဦး ကျပ် ၇၀,၀၀၀၊ အနောက်ကတော့ တစ်ယောက် ၅၀,၀၀၀, ဖြစ်တယ်” ဟုအခြားကားများဖြင့်ချိတ်ပေးနေသူတစ်ဦးက ပြောသည်။
အဆိုပါ လက်မှတ်ခနှုန်းထားသည် Express VIP ဈေးနှုန်းထက် ကျပ် ၂၀,၀၀၀ နှင့် ရိုးရိုးကားထက် ကျပ် ၂၅,၀၀၀ ပိုများနေသည်။
ယနေ့ စတင်ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ပျဉ်းမနား၊ ဒက္ခိဏသီရိ၊ လယ်ဝေး၊ တပ်ကုန်း၊ ဥတ္တရသီရိ စသည့်မြို့နယ် ၈ ခုတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ခြင်းဖြစ်သည်။
