၂၈ .၁၂. ၂၀၂၅
Written by Hey Mar



လမ်းမဘေး ညဘက် လမ်းလျှောက်နေတဲ့ သားအဖနှစ်ဦး ယာဉ်တိုက်ပြေးခံရလို့ သမီးဖြစ်သူနေရာတင် သေဆုံးကာ အဖေဖြစ်သူ ကားနဲ့ချိတ်ပါသွားပြီး လမ်းဘေးစွန့်ပစ်ခံရမှု မနေ့က ဒီဇင်ဘာ ၂၇ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်က ရွှေပြည်သာမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်မှာတော့ တိုက်ပြေးပြီးစွန့်ပစ်ခံရတဲ့ အဖေဖြစ်သူ လမ်းဘေးမှာလဲနေတာကို တာဝန်သိပြည်သူတွေက ကနောင်လူမှုကူညီရေးအသင်းထံ အကြောင်းလာတာမို့ သွားရောက်သယ်ဆောင်စဉ် သတိရလာတဲ့အမျိုးသားထံကကနေ နောက်ဆက်တွဲ ဖြစ်စဉ်ကို အခုလိုကြားရတာလို့ ဆိုပါတယ်။
ဖြစ်စဉ်က မနေ့က ၂၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်မှာ ရွှေပြည်သာ အမှတ် (၄) လမ်းမကြီး၊ သံဖြူဆိုင်မှတ်တိုင်အနီး လမ်းဘေးကပ်လျှောက်နေတဲ့ သားအဖ နှစ်ယောက်ကို နောက်ကနေ Taxi CC-8320 က တိုက်မိပြီး ၃ နှစ်အရွယ် မိန်းကလေးက လွင့်စင်သွားကာ နေရာတင် သေဆုံးခဲ့ပြီး ကလေးအဖေဖြစ်သူကတော့ ကားခေါင်မိုးပေါ်ပါသွားပြီး တိုက်တဲ့ Taxi ကားက ရွှေပြည်သာ စက်မှုဇုန် (၄) လမ်းတစ်နေရာမှာ ညထဲက ပစ်ထားခဲ့တာလို့ ကနောင်လူမှုကူညီရေးအသင်းက တာဝန်ရှိသူက ဆိုပါတယ်။
“မနေ့က ကားတိုက်ပြေးသွားတာကို ရပ်ကွက်က လူတွေက သိလိုက်တယ်။ ကလေး အလောင်းလည်း ညကတည်းက တွေ့တယ်။ အဖေဖြစ်သူကိုပဲ ကားနဲ့ပါသွားတော့ သေလားရှင်လား၊ ဒဏ်ရာနဲ့ဆိုလည်း ဆေးရုံများပို့သလားဆိုပြီး ညတည်းက ရှာနေကြတာတဲ့။ ဒီမနက်ကြတော့ စက်မှုဇုန်ထဲ ဒဏ်ရာတွေနဲ့ လူတစ်ယောက်လဲနေတယ်ဆိုပြီး အစ်ကိုတို့ဆီ ဖုန်းဝင်လာလို့ သွားကူညီခဲ့တာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သက်ဆိုင်ရာရဲ့ စုံစမ်းစစ်ဆေးမှုတွေအပြီး ရဲဆေးစာနဲ့အတူ ဒဏ်ရာရထားတဲ့ လူနာကို ကနောင်လူမှုကူညီ ရေးအသင်းက အင်းစိန်ဆေးရုံဆီ ပို့ဆောင်ပြီး လူနာရှင်မိသားစုတွေနဲ့ချိတ်ဆက်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
