◾️လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု အာမခံထားသည့်အတွက် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နာမည်အပျက်မခံကြောင်းပါ ပြောကြား
၂၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲအလွန်ကာလ နိုင်ငံတော်သမ္မတ လုပ်မည်၊ မလုပ်မည်ကို လွှတ်တော်ခေါ်ယူပြီးနောက် သမ္မတရွေးချယ်ရေးအဖွဲ့က ဆောင်ရွက်မည်ဖြစ်ပြီး ယင်းအချိန်ကျမှသာ ပြောရန်သင့်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြောကြားသည်။
ယနေ့ စတင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်၊ ဇေယျာသီရိမြိုနယ်၊ အနော်ရထာရပ်ကွက်၊ မဲရုံအမှတ် (၁) တွင် ယာယီသမ္မတက မဲပေးခဲ့ပြီးနောက် မီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။






“ကျွန်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်။ နိုင်ငံ့ဝန်ထမ်း၊ ကျွန်တော် ဘာမှ လုပ်ချင်ပါတယ်၊ ပြုချင်ပါတယ် သွားပြောလို့မရဘူး။ နိုင်ငံရေးပါတီခေါင်းဆောင်လည်းမဟုတ်ဘူး။ ဒါကြောင့် အဲဒါတော့ ပြီးတော့ လွတ်တော်ခေါ်တဲ့အခါမှ လွတ်တော်ကနေပြီး သမ္မတရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ Process တွေရှိပါတယ်။ အဲ့ဒီကြမှ သူတို့လုပ်ပါလိမ့်မယ်။ အဲ့ဒီကြမှသာ ပြောဖို့သင့်မယ်လို့ ယူဆပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ထို့ပြင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဖြစ်သည်၊ ဖြစ်သည်ကို ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲကို ကြည့်ခြင်းအားဖြင့်လည်းကောင်း၊ ကြိုတင်ကာလများတွင် ပါတီများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲကော်မရှင်တို့၏ လုပ်ဆောင်များကို ကြည့်ခြင်းအားဖြင့်လည်းကောင်း၊ မဲပေးပြီးချိန် ထွက်ပေါ်လာမည့် ရလဒ်နှင့် ပြည်သူ့အသံများကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။






“ကျွန်တော်တို့ကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ အာမခံထားတာ။ တပ်မတော်ကလုပ်တာ။ နာမည်အပျက်မခံဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အကြီးအကျယ် နာမည်ပျက်ခဲ့တယ်။ တော်တော်ဆိုးဆိုးဝါးဝါးကို ဖြစ်ခဲ့တာ။ ရုပ်ပျက်ဆင်းပျက်ကို နိုင်ငံတကာမှာလည်း အရှက်တကွဲဖြစ်ခဲ့တယ်။ တချို့ကြတော့လည်း မသိကျိုးနွံပြုနေတာ။ တကယ်က ကျွန်တော်က တကယ်စစ်ခဲ့တဲ့သူ။ ကျွန်တော်သိပါတယ်။ တကယ်အမှန်တိုင်းပါ။ အမှန်တိုင်းပဲ တကယ်ကို တကယ်ကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာ။ ဘယ်လိုမှကို နားလည်ပေးလို့မရတဲ့အတွက်ကြောင့် ဒီအခြေအနေအထိ ရောက်သွားတာဖြစ်တယ်။ ပြီးတဲ့အချိန်ကြလို့ရှိရင် ကြည့်ပါလို့ ကျွန်တော်ပြောချင်တယ်။ ဒီနေ့ တစ်ကြိမ်ပေါ့။ လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ တစ်ကြိမ်၊ ဇန်နဝါရီ ၂၅ ရက်နေ့မှာ တစ်ကြိမ် သုံးကြိမ်ပေးမယ်။ အဲဒီမှာကြည့်ပါ။ အဲဒါပြီးမှပဲ ပြောပါမယ်လို့ ပြောချင်ပါတယ်” ဟု ယာယီသမ္မတက ဆက်လက် ပြောကြားသည်။
