၂၈.၁၂. ၂၀၂၅
Written by Thiri
ဒီကနေ့ကျင်းပပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်၊ မဲရုံ အမှတ် ၆ မှာ ရပ်ကွက်နေပြည်သူတွေ မနက်အစောပိုင်း ဆန္ဒမဲလာရောက်ပေးနေကြတာကို တွေ့မြင်ရပါတယ်။
ရုံးပိတ်ရက် ဖြစ်တဲ့ တနင်္ဂနွေနေ့မနက်မို့ ရုံးသမား၊ စက်ရုံ၊ အလုပ်ရုံ လုပ်သားအများစုလည်း လာရောက်မဲပေးကြသလို အိမ်ထောင်ရှင်မအများစုကလည်း ဈေးမသွားခင် အစောပိုင်း လူရှင်းချိန် ဝင်ရောက်လာပေမယ့် မနက် ခုနစ်နာရီဝန်းကျင်ကတည်းက မဲစာရင်းနံပါတ်လာရောက်ရှာဖွေကြည့်ရှု့ရာမှာ အလွဲတွေရှိနေဆဲ ဖြစ်နေလို့ စောစောမဲပေးပြီး ဈေးဝယ်ပြန်မယ့် အစီအစဉ် လက်လျှော့ရတာလည်း တွေ့ရပါတယ်။






ရပ်ကွက်မဲစာရင်းနဲ့ မြို့နယ် UEC က ထုတ်တဲ့ မဲစာရင်း နံပါတ်တွေလည်း ကွဲလွဲမှု ရှိပြန်သလို မဲပေးရမယ့် မနက်ပိုင်းရောက်တဲ့အထိ ဆန္ဒမဲပေးရမယ့်နေရာ လွဲချော်နေတာ၊ ရပ်ကွက်တွင်းထိုင်ပေမယ့်၊ ရပ်ကွက်တွင်း မဲပေးမယ့်အချိန် မဲစာရင်းမပါတာ၊ ဒါမျိုးတွေလည်း ဖြစ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။
ဒီလို ဖြစ်ရတာက မဲစာရင်းကြိုတင်ကြည့်မထားတာ တွေကြောင့်လည်းပါဝင်သလို ပြည်သူအနေနဲ့ စားဝတ်နေရေး ကြိုးပမ်းနေရချိန် တစ်ဖက်မှာ လစ်ဟာခဲ့တာမျိုးလည်း ဖြစ်ပါတယ်။ အဆိုပါရပ်ကွက်မဲရုံမှာ ဆန္ဒမဲပေးမယ့်သူ ဦးရေ ၄၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
