



၂၈.၁၂.၂၀၂၅
Written by KL
ကိုယ်ပိုင်ယာဥ်တစ်စီး ကားဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်ကို ဝင်တိုက်တိမ်းမှောက်ရာမှ လိုက်ပါလာသူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သုံးဦးမှာ အသက်အန္တရာယ်စိုးရိမ်ရမှု အမြန်လမ်းမကြီး မိုင်တိုင် ၁၃၀/၃ ဖာလုံအနီးတွင် ဒီဇင်ဘာလ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဥ်မှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် Ford Everest အမျိုးအစား အနက်ရောင် ကိုယ်ပိုင်ယာဉ်မှာ ယာဥ်အနောက်ယာဘက်ဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်များကို ဝင်တိုက်ကာ ကားလမ်းမပေါ်တွင် ရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် အသက် ၅၄ နှစ်အရွယ်မှ ၈ နှစ်အရွယ်ရှိ အမျိုးသား၊ အမျိုးသမီး၊ ကလေးအပါအဝင် လိုက်ပါလာသူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအနက် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၁၆ နှစ်အရွယ် လူငယ်ယောကျ်ားလေးတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိမှုကြောင့် အသက်အန္တရာယ် စိုးရိမ်ရပြီး မော်တော်ယာဥ်တစ်စီးလုံးနီးပါးပျက်စီးဆုံးရှုံးခဲဲ့ကြောင်း သိရသည်။
“ဖြစ်တဲ့သူတွေက မော်လမြိုင်မှာနေသူတွေပါ။ စိုးရိမ်ရတဲ့လူနာတွေကတော့ လက်ဖျံရိုးကျိုးတဲ့သူတွေလည်းပါတယ်။ ခြေသလုံးရိုးကျိုးတဲ့သူတွေလည်းပါတယ်။ နှာခေါင်းတွေ၊ ပါးစပ်တွေကနေ သွေးထွက်တဲ့သူတွေ၊နဖူးပေါက်ပြဲတဲ့လူနာတွေလည်းပါတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးကပြောသည်။
ယာဥ်တိုက်မှုကြောင့် အသက် ၄၉ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ /၂၇၉ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။
