၂၆. ၁၂. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းသုံးပိုင်းလုံးတွင် သတင်းရယူရန် လျှောက်ထားသည့် နိုင်ငံတကာသတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်းထောက် ၂၁၅ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ယနေ့တွင် ဖြေကြားထားသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အပိုင်း ၃ ပိုင်းလုံးတွင် သတင်းရယူရန် နိုင်ငံတကာ သတင်းမီဒီယာများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားခဲ့ကြသည်။
“ရွေးကောက်ပွဲတွင် သတင်းရယူရန် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ လျှောက်ထားခဲ့သည့် နိုင်ငံတကာသတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်းထောက် ၂၁၅ ဦးရှိပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု UEC က ဖြေကြားထားသည်။
ရွေးကောက်ပွဲတစ်ခုအား တရားမျှတမှု၊ အများယုံကြည်မှု ရွေးကောက်ပွဲဖြစ်စေရန် ရည်ရွယ်ပြီး စောင့်ကြည့်လေ့လာရေး အစီအစဉ်များနှင့် ဆောင်ရွက်ခဲ့သည့် အစဉ်အလာများရှိသည်။ ထို့ကြောင့် ၂၀၂၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိပြီး အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခြင်းကို စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် UEC ၏ သတင်းစာရှင်းလင်းပွဲတွင် အသိပေးထားသည်။
