◾️ စက်တွင်ပါရှိသည့် မဲပုံးအတွင်းမှ ဆန္ဒမဲဖြတ်ပိုင်းများအား ပြန်လည်ရေတွက်ခြင်း မပြုဟု ဆို



၂၆. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲ မဲပေးခြင်းပြီးဆုံးပါက MEVM စက်၏ ထိန်းချုပ်စက်ရှိ Print ခလုတ်ကိုနှိပ်၍ မဲရလဒ်စာရင်းဖော်ပြသည့် စက္ကူဖြတ်ပိုင်း ကျောဘက်တွင် မဲရုံမှူး၊ မဲရုံအဖွဲဝင်များ၊ မဲရုံကိုယ်စားလှယ်များက မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အတည်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
ရွေးကောက်ပွဲတွင် မဲရုံပိတ်ပြီးချိန် မဲရလဒ်များကို မဲပေးစက်က မှတ်တမ်းတင်ထားသည့် ရလဒ်ကိုသာ အတည်ပြုမည်လား သို့မဟုတ် ပုံးထဲမှမဲများကို ထပ်မံရေတွက်ပြီး အတည်ပြုမည်လားဟု မေးမြန်းမှုအပေါ် UEC က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲ ကျင်းပမည့်နေ့ မဲရုံတွင် မဲပေးခြင်းပြီးဆုံးပါက မဲရုံမှူးသည် MEVM စက်ရှိထိန်းချုပ်စက်ပါ (on/off ) ခလုတ်ကိုနှိပ်၍ မဲပေးခြင်း ပိတ်သိမ်းရမည်ဖြစ်ပြီး ထိန်းချုပ်စက်ရှိ Print ခလုတ်ကိုနှိပ်၍ မဲရလဒ်စာရင်းဖော်ပြသည့် စက္ကူဖြတ်ပိုင်းကို မဲပေးချက်ဖော်ပြစက်မှ ထုတ်ယူရမည်ဖြစ်ပါသည်။ ယင်းစက္ကူဖြတ်ပိုင်း၏ ကျောဘက်တွင် မဲရုံမှူး၊ မဲရုံအဖွဲဝင်များ၊ မဲရုံကိုယ်စားလှယ်များက မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အတည်ပြုမည်ဖြစ်ပါသည်။ MEVM စက်တွင် ပါရှိသည့် မဲပုံးအတွင်းမှ ဆန္ဒမဲဖြတ်ပိုင်းများအား ပြန်လည်ရေတွက်ခြင်း မပြုပါ။” ဟု UEC က ဖြေကြားထားသည်။
ဆက်လက်၍ မဲရုံမဖွင့်မီ ရောက်ရှိထားသည့် ကြိုတင်မဲများကို အသိသက်သေများ၊ ပြည်သူများ၊ မဲရုံကိုယ်စားလှယ်များရှေ့မှောက်၌ ရေတွက်မည်ဖြစ်ပြီး သတ်မှတ်ပုံစံတွင် ဖြည့်သွင်း၍ မဲရုံတွင် ကပ်ထားကြေညာမည် ဖြစ်ကြောင်း UEC က ဖြေကြားသည်။
