၂၆.၁၂.၂၀၂၅
Written & Photo by Nay Yaung Lin
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးထားသည့် ကြိုတင်မဲများကို ဒီဇင်ဘာ ၂၆ ရက်၊ ညနေ ၄ နာရီတွင် စတင်ရေတွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကြိုတင်မဲရေတွက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ အထက (၆) ဗိုလ်တထောင်ကျောင်းတွင်လည်း ပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ်သည် ရွေးကောက်ပွဲ ပထမပိုင်းကျင်းပမည့် မြို့နယ်များတွင် အပါအဝင်ဖြစ်ပြီး အဆိုပါ ပထမပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ ၁၂ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည် ဖြစ်သည်။





ဗိုလ်တထောင်မြို့နယ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး မဲရုံစုစုပေါင်း ၂၉ ရုံ ရှိကြောင်း၊ တတိယအကြိမ် မဲစာရင်းကြေညာမှုအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၂၈၆၆ ဦး ရှိကြောင်း ဗိုလ်ထောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲဥပဒေအရ နည်းဥပဒေများတွင်လည်း မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲနှင့် မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်းပြဋ္ဌာန်းချက်များ ပါဝင်ရာ
မဲဆန္ဒနယ်ပြင်ပရောက်ရှိနေသူများအတွက် ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်း၍ –
(၁) တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၊
(၂) မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊
(၃) မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ၊
(၄) မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊
(၅) အချုပ်ခံနေရသူများ၊
(၆) ဆေးရုံသို့ တက်ရောက်နေရသော အတွင်းလူနာများ၊
(၇) အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများစသည့် မဲဆန္ဒရှင်အမျိုးအစား ၇ မျိုးကို သတ်မှတ်နည်းလမ်းများနှင့်အညီ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲပေး ခွင့်ပြုထားကြောင်း သိရသည်။





မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒနယ် အတွင်းရှိနေသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက်ဆန္ဒမဲမပေးနိုင်သည့် အောက်ဖော်ပြပါ မဲဆန္ဒရှင်အမျိုးအစား ၈ မျိုးကိုလည်း ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စီစဉ်ပေးရမည်ဟု ပြဋ္ဌာန်းချက်ပါဝင်သည်။
၎င်းတို့မှာ (၁) အနာကြီးရောဂါစွဲကပ်နေခြင်း၊
(၂) ရောဂါဝေဒနာပြင်းထန်စွာခံစားနေရခြင်း၊
(၃) အသက်အရွယ်ကြီးရင့်နေခြင်း၊ (၄) သားဖွားနေခြင်း၊ (၅) ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရခြင်း၊ (၆) ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေရခြင်း၊ (၇) နိုင်ငံ့ဝန်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် မဲစာရင်း ပါရှိရာဒေသမှကျော်လွန်၍ ယာယီတာဝန် သွားရောက်ထမ်းဆောင်ရခြင်း၊ (၈) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် မိမိအမည်စာရင်း ပါရှိသော မဲဆန္ဒနယ်မှကျော်လွန်၍ ခရီးဝေးသွားလာရန်ရှိခြင်းတို့ဖြစ်ကြောင်း သိရသည်။
