နေမိုး
၂၅. ၁၂. ၂၀၂၅
(Asia Times သတင်းဌာနတွင် စစ်ရေးလေ့လာသူ Anthony Davis ရေးသားထားသော “Arakan Army may have peaked in Myanmar’s civil war” ဆောင်းပါးအား ဆီလျော်သလို ကောက်နုတ် ပြန်ဆိုထားပါသည်။)
ယခုနှစ်ဆန်းပိုင်းက ကျောက်ဖြူဆိပ်ကမ်းမြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိခဲ့မှုသည် ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA အတွက် ဤစစ်ပွဲအတွင်း အကြီးမားဆုံးသော မဟာဗျူဟာမြောက် အမှားတစ်ခု ဖြစ်လာနိုင်သည်။
တပ်မတော်က ဒီဇင်ဘာလနှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသော ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ မကြာသေးမီ လများအတွင်း ဆန့်ကျင်တိုက်ခိုက်နေသည့် အကြမ်းဖက် လက်နက်ကိုင် အင်အားစုများသည် ရှေ့တန်း မျက်နှာစာအချို့တွင် အကျပ်အတည်းများ ကြုံတွေ့နေရသည်။
တပ်မတော်၏ အုပ်ချုပ်ရေး သက်တမ်းတိုးရန် ဖန်တီးထားသည်စွပ်စွဲကာ ရွေးကောက်ပွဲကို လက်မခံလိုသူများရှိသော်လည်း၊ လာမည့်လများတွင် စစ်မြေပြင်၏ အခြေအနေမှာ လက်နက်ကိုင်အကြမ်းဖက် အတိုက်အခံများဘက်မှ ဆုံးရှုံးမှုများ ပိုမိုရှိလာနိုင်သည့် အလားအလာ ဖြစ်ပေါ်နေသည်။
၂၀၂၆ ခုနှစ်နှင့် နောက်ပိုင်းနှစ်များအထိ စစ်ရေးအပေါ် သက်ရောက်မှုရှိလာမည့် ဤအကျပ်အတည်း၏ ဗဟိုချက်တွင် ထိခိုက်နစ်နာမှုအကြီးဆုံးဖြစ်လာမည့် လက်နက်ကိုင်အဖွဲ့အဖြစ် AA ရှိနေသည်။ AA သည် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးစစ်ဆင်ခဲ့သည့် မြောက်ပိုင်းညီနောင်သုံးဖော် မဟာမိတ်အဖွဲ့တွင် အင်အားအကောင်းဆုံးနှင့် နောက်ဆုံးအထိ တိုက်ပွဲဝင်နေဆဲ အဖွဲ့ဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ပြင်းထန်သော သံတမန်ရေး ဖိအားပေးမှုများနှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုများကြောင့် မြောက်ပိုင်းမဟာမိတ် နှစ်ဖွဲ့ဖြစ်သော MNDAA (ကိုးကန့်) နှင့် TNLA (တအာင်း) တို့မှာ အပစ်အခတ်ရပ်စဲခဲ့ရသလို ပြီးခဲ့သည့်နှစ်က သိမ်းပိုက်ထားသော မြောက်ပိုင်းမြို့များကို ပြန်လည်ပေးအပ်ခဲ့ရသည်။
ယခုအခါ အရှေ့မြောက်ဘက် စစ်မျက်နှာများတွင် တိုက်ပွဲများ ငြိမ်သက်သွားသဖြင့် တရုတ်၏ ဖိအားများသည် မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းရှိ AA ဆီသို့ ဦးတည်လာနေပြီ ဖြစ်သည်။
◾ ကျောက်ဖြူမြို့၏ အရေးပါမှု
AA သည် ၂၀၂၃ နိုဝင်ဘာမှ ၂၀၂၄ ဒီဇင်ဘာအထိ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ULA သည် ရက္ခိုင်ပြည်သူ့အစိုးရ (APRG) လက်အောက်တွင် အုပ်ချုပ်ရေး ယန္တရားများကို တည်ဆောက်လာနိုင်ခဲ့သည်။
AA သည် လက်ရှိတွင် အင်အား ၄၀,၀၀၀ ခန့်ရှိပြီး မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
သို့သော်လည်း ၂၀၂၅ ခုနှစ်အတွင်း စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးရာ ဝိုင်းရံပိတ်ဆို့မှုများကို မဖောက်ထွက်နိုင်ခဲ့ခြင်းကြောင့် AA သည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
အထူးသဖြင့် ပြီးခဲ့သည့် ဇူလိုင်လက စတင်ခဲ့သော ကျောက်ဖြူမြို့ သိမ်းပိုက်ရေး ထိုးစစ် ကျရှုံးခဲ့ခြင်းသည် အဓိက အကြောင်းရင်း ဖြစ်သည်။
ကျောက်ဖြူသည် တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ၏ အစပြုရာ ဖြစ်သလို၊ ဒေါ်လာဘီလျံနှင့်ချီတန်သော ရေနက်ဆိပ်ကမ်း စီမံကိန်းရှိရာ နေရာလည်း ဖြစ်သည်။ ကျောက်ဖြူကို သိမ်းပိုက်နိုင်ခဲ့လျှင် AA သည် တရုတ်က မလွဲမသွေ အသိအမှတ်ပြု ဆက်ဆံရမည့် အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သော်လည်း တပ်မတော်၏ ကြည်း၊ ရေ၊ လေ ပူးပေါင်း ခုခံမှုကြောင့် AA တပ်ဖွဲ့များသည် ရှေ့တန်းစစ်မျက်နှာမှ ၁၅ ကီလိုမီတာခန့်အထိ နောက်ဆုတ်သွားခဲ့ရသည်။
◾ အတွင်းပိုင်း စစ်မျက်နှာနှင့် ဘင်္ဂါလီအရေး
AA က ရခိုင်ရိုးမကို ဖြတ်ကျော်၍ ဧရာဝတီမြစ်ဝှမ်းနှင့် မကွေး၊ ပဲခူးတိုင်းများအတွင်းသို့ ထိုးဖောက်ရန် ကြိုးပမ်းမှုများသည်လည်း ထင်သလောက် ခရီးမပေါက်ခဲ့ပေ။ တစ်ချိန်တည်းမှာပင် ရခိုင်ပြည်နယ် မြောက်ပိုင်း (မောင်တောနှင့် ဘူးသီးတောင်) တွင် ARSA နှင့် RSO ကဲ့သို့သော မူဆလင် လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်နေရသည်။ ၎င်းအဖွဲ့များသည် ဘင်္ဂလားဒေ့ရှ် စစ်ဘက်ထောက်လှမ်းရေး၏ ကူညီမှုဖြင့် AA ကို ဖိအားပေးရန် ကြိုးပမ်းနေကြောင်း လေ့လာသူများက ယူဆကြသည်။
ယခုအခြေအနေကို ပြန်ကြည့်လျှင် AA အနေဖြင့် ၂၀၂၅ ခုနှစ်ဆန်းပိုင်းက အင်အားကောင်းနေစဉ် ကျောက်ဖြူကို အပြတ်အသတ် မသိမ်းပိုက်နိုင်ခဲ့ခြင်းသည် အကြီးမားဆုံးသော မဟာဗျူဟာ အမှားတစ်ခု ဖြစ်လာခဲ့သည်။
ယခုအခါ AA ၏ ရှေ့တွင် လမ်းနှစ်သွယ်သာ ရှိတော့သည်။
နည်းလမ်း (၁)။ စစ်ပွဲကို ဆက်လက် ဆင်နွှဲရန်
AA အဖို့ ထိုနည်းလမ်းမှာလည်း တပ်မတော်၏ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများနှင့် နယ်မြေပြန်လည် သိမ်းပိုက်ရေး ထိုးစစ်များကို ခုခံရင်း တဖြည်းဖြည်း ဆုတ်ခွာပေးရသည့် အခြေအနေဖြစ်သည်။
နည်းလမ်း (၂) အပစ်အခတ်ရပ်စဲရန်
တရုတ်၏ ဖိအားကို အရှုံးပေးပြီး ကျန်ညီနောင်နှစ်ဖွဲ့ကဲ့သို့ပင် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးကိုသဘောတူညီမှု ရယူရန်။ ထိုနည်းလမ်းမှာလည်း နယ်မြေအများစုရယူထားနိုင်သည်ဆိုပြီး အပေါ်စီးက ဆွေးနွေးလိုသော AA ကြောင့် ဖြစ်လာနိုင်ဖွယ်မရှိသေးချေ။
သို့သော် ….
အကယ်၍ အင်အားအကောင်းဆုံးဖြစ်သော AA သာ အပစ်အခတ် ရပ်စဲသွားခဲ့ပါက၊ ၎င်းသည် တစ်နိုင်ငံလုံးတွင် ကျန်ရှိနေသော လက်နက်ကိုင် အင်အားစုများအတွက် စစ်ရေးအရရော၊ စိတ်ဓာတ်ရေးရာအရပါ အကြီးမားဆုံးသော ထိုးနှက်ချက် ဖြစ်လာမည် ဖြစ်သည်။
