၂၅.၁၂.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) က သူတို့ပါတီခေါင်းဆောင် တာရစ်ရာမန်ဟာ ၁၇ နှစ်နီးပါးပြည်နှင်ဒဏ်ခံရကာ ပြည်ပမှာနေထိုင်ခဲ့ပြီးနောက် အိမ်ပြန်ရန် ပြင်ဆင်နေပြီး သူ့မှာ ကြီးမားသောထောက်ခံမှုရှိတယ်ဆိုတာပြသဖို့ ပြင်ဆင်နေတယ်လို့ ပါတီအမြဲတမ်းကော်မတီဝင် ဆာလာဟူဒင် အာမက်က ဒီဇင်ဘာလ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ဟာ ဖေဖော်ဝါရီလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နိုင်ငံရဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ ပါတီရဲ့ ဝန်ကြီးချုပ်နေရာကိုယှဉ်ပြိုင်မယ့်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသူ တာရစ်ရာမန်ကို ကြိုဆိုဖို့ မြို့တော်ဒက်ကာမှာ ထောက်ခံသူ ငါးသန်းလောက်အထိ စည်းရုံးသွားဖို့ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်က ကျောင်းသားတွေဦးဆောင်တဲ့ ဆူပူအုံကြွမှုမှာ ကာလကြာရှည်အာဏာရယူထားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖြုတ်ချဖယ်ရှားပြီးနောက်မှာတော့ BNP ပါတီ အရှိန်အဟုန် ပြန်လည်ရရှိလာချိန်မှာ ရာမန်ကလည်း ဒီနေ့ ဒီဇင်ဘာလ ၂၅ ရက်မှာ လန်ဒန်ကနေ ပြန်ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။

အသက် ၆၀ နှစ်ရှိပြီဖြစ်တဲ့ ရာမန်ဟာ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာရဲ့သားဖြစ်ပြီး လက်ရှိမှာ BNP ရဲ့ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။
၁၉၉၁ ခုနှစ်မှစလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အာဏာဟာ သက်တမ်းတွေအရတိုတောင်းတဲ့ ယာယီအစိုးရတွေကလွဲလို့ ခါလီဒါ ဇီယာနဲ့ ဟာစီနာတို့ ဝန်ကြီးချုပ်နှစ်ဦးကသာ အလှည့်ကျပြောင်းလဲအာဏာရခဲ့တာပါ။ ဟာစီနာရဲ့ အဝါမီလိဂ်ပါတီဟာ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရလို့ BNP ပါတီက ယခုအခါ ရွေးကောက်ပွဲကို လွှမ်းမိုးဖို့ အသင့်အနေအထားမှာ ရှိနေပုံရပါတယ်။
BNP ခေါင်းဆောင်တွေက ရာမန်ကိုကြိုဆိုပွဲအတွက် အာဏာပိုင်တွေနဲ့ လုံခြုံရေးအစီအစဉ်တွေကို ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပြီး ထောက်ခံသူတွေ လေဆိပ်မှ ဧည့်ခံပွဲကျင်းပမယ့်နေရာအထိ လမ်းကြောင်းတစ်လျှောက် တန်းစီစောင့်ဆိုင်းနေကြကာ မကြုံစဖူး ထူးခြားတဲ့ စုရုံးကြိုဆိုမှုဖြစ်စေဖို့ မျှော်လင့်ထားကြတာပါ။
“ဒါက နိုင်ငံရေးအရ အဓိပ္ပာယ်ဖွင့်ဆိုချက်ကာလတစ်ခုလည်း ဖြစ်လာလိမ့်မယ်” လို့ BNP ပါတီ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရူဟူးလ် ကဘား ရစ်ဇ်ဗီက ပြောကြားခဲ့ပါတယ်။
ရာမန်ဟာ ငွေကြေးခဝါချမှုနဲ့ ဟာစီနာကို လုပ်ကြံဖို့ ကြံစည်မှု အပါအဝင် ဘင်္ဂလားဒေ့ရှ်မှာ ရာဇဝတ်မှုများစွာနဲ့ တရားစွဲခံရပြီးနောက် ၂၀၀၈ ခုနှစ်မှစလို့ လန်ဒန်မြို့မှာ နေထိုင်ခဲ့တာပါ။ ဟာစီနာ ရာထူးမှ ဖယ်ရှားခံရပြီးနောက်မှာတော့ တရားရုံးတွေက သူ့ကို အပြစ်မရှိလို့ ဆုံးဖြတ်ကာ ပြစ်မှုတွေကနေ တရားသေလွှတ်ခဲ့ပြီး သူပြန်လာဖို့ နှောင့်နှေးနေစေခဲ့တဲ့ ဥပဒေဆိုင်ရာ အတားအဆီးတွေကို ဖယ်ရှားပေးခဲ့ပါတယ်။
BNP အရာရှိတွေက ရာမန်ဟာ ပြန်ရောက်လာပြီးနောက်မှာ လပေါင်းများစွာ ပြင်းထန်စွာ နေမကောင်းဖြစ်နေတဲ့ မိခင်ဖြစ်သူ ခါလီဒါ ဇီယာဆီကို မသွားခင် လေဆိပ်မှ စုဝေးပွဲကျင်းပရာနေရာကို တိုက်ရိုက်သွားရောက်မယ်လို့ ပြောခဲ့ကြပါတယ်။
နိုဘယ်ဆုရှင် ယူနွတ်စ် ဦးဆောင်သော ကြားဖြတ်အစိုးရက ကြီးကြပ်မယ့် တည်ငြိမ်မှုမရှိ ထိခိုက်လွယ်တဲ့ အသွင်ကူးပြောင်းမှုကာလအတွင်းမှာ ရာမန်က အိမ်ပြန်လာခဲ့တာပါပဲ။ နှစ်ပေါင်းများစွာ နိုင်ငံရေးမငြိမ်မသက်မှုတွေအပြီးမှာတော့ လာမယ့်ရွေးကောက်ပွဲက ဒီမိုကရေစီတရားဝင်မှုကို ပြန်လည်ထူထောင်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ စွမ်းရည်ကို အရေးပါတဲ့ စမ်းသပ်မှုတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။
ရံဖန်ရံခါဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေနဲ့ မကြာသေးမီက မီဒီယာတွေအပေါ် တိုက်ခိုက်မှုတွေအတွက် စိုးရိမ်မှုတွေ ဆက်လက်တည်ရှိနေပြီး၊ ယုံကြည်စိတ်ချရတဲ့ မဲပေးမှုကို သေချာစေဖို့ အာမခံနိုင်မယ့် စွမ်းရည်နဲ့ပတ်သက်လို့တော့ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။
ဟာစီနာကို ဖြုတ်ချခဲ့တဲ့ လူငယ်ဆန္ဒပြလှုပ်ရှားမှုမှ ပေါ်ထွက်လာတဲ့ အမျိုးသားနိုင်ငံသားပါတီ (NCP) က ရာမန်ရဲ့ ပြန်လာမှုကို ကြိုဆိုမယ်လို့သိရပါတယ်။
Ref.Al Jazeera
