နေမိုး
၂၃. ၁၂. ၂၀၂၅
ယာယီဘေလီတံတားဆောက်နေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းများကို KNU နှင့် PDF များ ပစ်ခတ်တိုက်ခိုက်၍ နေ့စားဝန်ထမ်းတစ်ဦး ကျည်ထိသေဆုံးသွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းရရှိသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက် KNU နှင့် PDF များသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာရှိ နောင်ကုန်း တံတား၌ ယာယီဘေလီ တံတားပြုလုပ်ရေး ဆောင်ရွက်နေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တံတားအထူးအဖွဲ့(၉) ဘုရားကလေးအဖွဲ့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အဆိုပါအဖွဲ့မှ နေ့စား အလုပ်သမားဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ ဦးထက်အောင်ကျော်လင်း(၃၇)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။
KNU နှင့် PDF များသည်လည်း လမ်းတံတားများ မကြာခဏချိုးဖျက်ကာ ပြန်လည်ပြင်ဆင်ချိန် တိုက်ခိုက်သတ်ဖြတ်သည့်စရိုက်ရှိပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လကလည်း နယ်ဒါးမြ ဦးဆောင်သော KNU လက်အောက်ခံ KNDO အဖွဲဲ့က ကရင်ပြည်နယ်၊ မြဝတီခရိုင် ကနဲလေး-မောခီးကြားရှိ အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေသူ ၂၅ ဦးကို ဖမ်းဆီး သတ်ဖြတ်မှုလည်း ကျူးလွန်ခဲ့ကြောင်း သိရသည်။
