◾️ ကိုးကွယ်ရာဘာသာများအကြား စည်းလုံးညီညွတ်မှုပြိုကွဲအောင်၊ လေးစားယုံကြည်မှုလျော့ပါးအောင် လုပ်ဆောင်သည့် မည်သည့်သွေးထိုးနှောင့်ယှက်မှုများကိုမဆို လက်တွဲပူးပေါင်းကာကွယ်သွားကြရန်ပါ တိုက်တွန်းမှာကြား
၂၃. ၁၂. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ကက်သလစ်ဘုရားကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲချုပ်ကြီးများက ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် မိတ်သဟာယမိတ်ဆုံစားပွဲ အခမ်းအနားကို တက်ရောက်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားတွင် ယာယီသမ္မတက နိုင်ငံတော်အတွင်း ကိုးကွယ်ခွင့်ဆိုင်ရာနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်” ဟု အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးထားပြီးဖြစ်သည်ကို ပြောကြားလိုကြောင်း ပြောကြားသည်။





ထို့အပြင် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ် ဘာသာဝင်များနှင့် အခြားသောဘာသာဝင်များသည် ရှေးနှစ်ပေါင်းမြောက်မြားစွာကတည်းက ယှဉ်တွဲမှီတင်းနေထိုင်လာခဲ့ကြခြင်းပင်ဖြစ်ကြောင်း၊ မည်သို့ပင် ကိုးကွယ်ရာကွဲပြားပါစေ ဘာသာဝင်အချင်းချင်းကြားတွင် ထိပါးစော်ကားခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ထိခိုက်နစ်နာစေလိုခြင်း အလျဉ်းမရှိဘဲ အပြန်အလှန်လေးစားမှုတရားများကို မဏ္ဍိုင်ပြုကာ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် ဆွေမျိုးရင်းချာစိတ်ထားပြီး နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ရင်းနှီးနွေးထွေးသည့် ဘာသာဝင်များကြား အဆိုပါအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုအပ်ပြီး စည်းလုံးညီညွတ်မှုပြိုကွဲအောင်၊ လေးစားယုံ ကြည်မှုလျော့ပါးအောင် လုပ်ဆောင်လာသည့် မည်သည့်သွေးထိုးနှောင့်ယှက်မှုမျိုးကိုမဆို မိသားစုစိတ်ရင်းဖြင့် လက်တွဲပူးပေါင်းကာကွယ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။




ဘာသာတရားတိုင်းတွင် အကျင့်တရား၊ စောင့်ထိန်းအပ်သောတရားဆိုသည့် ဘုံတူညီမှုများကို တွေ့ရှိရပြီး အဆိုပါအကျင့်တရားများသည် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကို အဓိကအခြေခံထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ဖြူစင်သန့်ရှင်းမှုများသည် လူသားများအတွက် ရုပ်ပိုင်းဆိုင်ရာငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုများကို အင်အားကြီးမားစွာ အထောက်အပံ့ပေးနိုင်ပြီး လူမှုအသိုက်အဝန်းတစ်ခုလုံးကို စည်ပင်သာယာဝပြောအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သဖြင့် ဘာသာတရားသည် မွန်မြတ်သောအဆုံးအမအဖြစ် ခိုင်ခိုင်မာမာယုံကြည်သည်ကို ပြောကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထိုသို့ ဘာသာတရားများအပေါ်အခြေခံပြီး ဖြစ်တည်လာသည့် ငြိမ်းချမ်းခြင်းတရားများကို ကိုယ်စီလက်ကိုင်ထားကာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာ လျှောက်လှမ်းသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
