၂၃. ၁၂. ၂၀၂၅
MT News Editorial
လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင် အခြေခံဥပဒေ၊ ခိုင်မာသောအုပ်ချုပ်ရေးယန္တရားနှင့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများကို လက်ဝယ်ပိုင်ဆိုင်ထားသည့် အစိုးရတစ်ရပ်က တိုင်းပြည်တည်ငြိမ်ရေးအတွက် “ရွေးကောက်ပွဲ” လမ်းကြောင်းကို ဖော်ဆောင်နေသည်။ သို့သော် အဝေးရောက် လေလှိုင်းအစိုးရဟု လူသိများသည့် NUG ၏ ရွေးကောက်ပွဲကို တိုက်ခိုက် ငြင်းပယ်နေသည့် လုပ်ရပ်မှာ လက်နက်ကိုင်ပဋိပက္ခများကြားမှ လွတ်မြောက်ရာ ရှာဖွေနေသည့် နိုင်ငံနှင့် ပြည်သူအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။
NUG သည် ၎င်းတို့ကိုယ်တိုင် မလုပ်နိုင်၊ မကျင်းပနိုင်သည့် ရွေးကောက်ပွဲကို အစွမ်းကုန် အပုပ်ချကန့်ကွက်နေခြင်းမှာ ဒီမိုကရေစီကို လိုလား၍မဟုတ်ဘဲ လက်နက်ကိုင်ပြီး ငွေရှာနိုင်သော၊ အာဏာကို လေလှိုင်းဖြတ်လမ်းမှ ရယူထားပြီး ပြည်သူလူထုကို ငါတို့နိုင်မှာဟု လိမ်လည်ကာ တစ်ဖက်အဖွဲ့အစည်းကို မကောင်းပြောနေသည့် “နိုင်ငံရေးအောက်လုံးထိုးမှု” လုပ်ရပ် သက်သက်သာ ဖြစ်ကြောင်းလည်း ပြီးခဲ့သည့်ငါးနှစ်တာကာလအတွင်း PDF များ လုပ်ဆောင်ခဲ့သည့် လုယက်၊ သတ်ဖြတ်၊ အကြမ်းဖက်၊ မုဒိမ်းမှုများနှင့် NUG က ကျုးလွန်သူ PDF များကို အရေးမယူခဲ့မှုများက အထင်အရှား သက်သေ ပြသနေသည်။
ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ကာ ဇိမ်ခံနေပြီး မြန်မာ့မြေပေါ်တွင် အလုံးစုံပင်ခြေမချရဲသော NUG သည် PDF (ပသုံးလုံး) ဟုခေါ်သည့် လက်နက်ကိုင်များကို အသုံးချကာ သေနတ်အာဏာဖြင့် လူထုကို ခြိမ်းခြောက်နေခြင်းသည် စစ်မှန်သော နိုင်ငံရေးတရားဝင်မှုကို ရှာဖွေခြင်းမဟုတ်ပေ။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောဖြစ်သော အခြေခံဥပဒေ (Constitution) ကို ရေးဆွဲရန်မှာ ဆယ်စုနှစ်နှင့်ချီ၍ အချိန်ယူရမည်ဖြစ်သော်လည်း မည်သည့်မူဝါဒမျှ မရှိသော ပြည်ပပြေး NUG က အခြေခံဥပဒေပေါ်ထွန်းရေးကို လျစ်လျူရှုကာ လက်နက်ကိုင်ပြီး အာဏာလုယက်ရယူလိုခြင်းမှာ တိုင်းပြည်ကို အမိုက်မှောင်ထဲသို့ ထပ်မံတွန်းပို့ရန် ကြံရွယ်နေခြင်းပင် ဖြစ်သည်။ ထိုကြံရွယ်ချက်သာ အထမြောက်ပါက ပြည်သူတို့သည် သေနတ်ကိုင်စနစ်တစ်ခုအောက်မှ နောက်ထပ် သေနတ်ကိုင်စနစ် တစ်ခုအောက်သို့ ပြောင်းလဲရောက်ရှိသွားရုံသာမက တရားဥပဒေစိုးမိုးမှု ကင်းမဲ့သည့် NUG နှင့် PDF တို့၏ နိုင်ငံရေးလက်စားချေမှု ငရဲခန်းအောက်သို့ မလွဲမသွေ ရောက်ရှိသွားပေလိမ့်မည်။
လက်တွေ့မြေပြင်တွင် တပ်မတော်က မြို့နယ်အများစုကို စိုးမိုးထားနိုင်သလို NUG ၏ နှောင့်ယှက်မှုကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေမှာလည်း မြန်မာ့မြို့နယ် ၃၃၀ အနက် ၂၀ ရာခိုင်နှုန်းပင် မပြည့်ပေ။ သို့သော် NUG သည် ထိုအချက်ကို လိမ်လည်လှည့်ဖြားကာ မြန်မာ့နယ်မြေ ၇၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသယောင် ဝါဒဖြန့်နေခြင်းမှာ သိုးရေခြုံထားသော ဝံပုလွေ (A wolf in sheep’s clothing.) ကဲ့သို လူထုကို လှည့်ဖြားနေခြင်းသာ ဖြစ်သည်။ ထိုသို့သော လိမ်လည်မှုများနှင့် အခြေခံဥပဒေမရှိသော NUG က ၎င်းတို့ အာဏာရမှသာ ဆယ်စုနှစ်ချီ အခြေခံဥပဒေထိုင်ဆွဲကာ ထိုကာလပြီးမှ ရွေးကောက်ပွဲလုပ်မည်ဟု ဆိုခြင်းမှာလည်း NUG ဦးဆောင်သူလူတစ်စုအာဏာချုပ်ကိုင်နိုင်ရေးအတွက် တိုင်းပြည်၏ အနာဂတ်ကို ဓားစာခံလုပ်ကာ ကိုယ်ကျိုးရှာနေခြင်းသာ ဖြစ်သည်။
အခြေခံဥပဒေမရှိ၊ လူထု၏ စစ်မှန်သော ယုံကြည်မှု ကင်းမဲ့လာနေသည့် NUG အနေဖြင့် လက်ရှိကျင်းပမည့် ရွေးကောက်ပွဲကို ကန့်ကွက်နေခြင်းမှာ အလုပ်မလုပ်ရဘဲ ပြည်ပတွင် ဇိမ်ခံနေနိုင်သော ၎င်းတို့၏ “နိုင်ငံရေးလုပ်စားဘဝ” ပျက်သုဉ်းသွားမည်ကို ကြောက်ရွံနေခြင်းကြောင့်သာ ကန့်ကွက်နေခြင်းဖြစ်သည်။ NUG က False Hope (မျှော်လင့်ချက်အတု) များဖြင့် ငါတို့နိုင်ပြီဟု ဝါဒဖြန့်မှုများ၊ အခြေခံဥပဒေမဲ့ အာဏာရယူရန် ကြိုးပမ်းမှုများနှင့် နိုင်ခြေမရှိ၍ ရွေးကောက်ပွဲကို တားဆီးနေသည့် ကိုယ်ကျိုးကြည့်မှုများသည် တိုင်းပြည်ကို ဆယ်စုနှစ်နှင့်ချီ၍ မတည်ငြိမ်မှုထဲသာ ပိုမို နစ်မွန်းစေမည်ဖြစ်သည်။ ထိုသို့သော လုပ်ရပ်များကြောင့် NUG ၏ နိုင်ငံရေးအောက်လုံးထိုးမှုများကို မိဘပြည်သူများအနေဖြင့် အထူးသတိမူသင့်ချိန် တန်ပြီဖြစ်ကြောင်း MT News က လေးနက်စွာ မီးမောင်းထိုး ဖော်ပြအပ်ပါသည်။
