၂၃.၁၂.၂၀၂၅
Written By Thandar
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေက အငြိမ့်မင်းသမီးတွေ၊ လူရွှင်တော်တွေအဖြစ် ပါဝင်တဲ့ “ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်” ဖျော်ဖြေတင်ဆက်ပွဲရဲ့ မီဒီယာမိတ်ဆက်ကို ယနေ့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်ရေး Studio မှာကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်ပွဲကို ကပြခြင်းဟာ ကျွန်တော်ဖြစ်ချင်တဲ့ အိမ်မက်လေးကို ညီအစ်ကိုအရင်းလို ချစ်ရတဲ့ ညီအစ်ကိုတွေနဲ့ အကောင်ထည်ဖော်ခြင်းပဲဖြစ်ပါတယ်။ အမြဲတမ်းလူရွှင်တော်အနေနဲ့ ကပြဖျော်ဖြေမှာလည်း မဟုတ်ပါဘူး။ လိုအပ်ချက်တွေရှိခဲ့ရင်လည်း လူရွှင်တော်မိဘဆရာကြီးတွေအားလုံးက ထောက်ပြပေးကြပါ။ ပြောမှားဆိုမှားရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြပါ။ ကျွန်တော်တို့ ပြက်တဲ့ပြက်လုံးတွေကလည်း ရိုင်းတဲ့ စကားလုံးတွေ၊ ဘာသာရေးနဲ့ပတ်သက်တဲ့ ပြက်လုံးတွေပါမှာမဟုတ်တဲ့အတွက် လူမျိုးမရွေးဘာသာမရွေး နားထောင်လို့ရတဲ့ ပြက်လုံးတွေပဲ ပြက်မှာပါ။ ချစ်ရတဲ့ ပရိသတ်များကို အကောင်းဆုံး ကြိုးစားတင်ဆက်သွားမှာဖြစ်လို့ လာရောက်အားပေးကြပါဦး။ ဝိုင်းဝန်းပံ့ပိုးကူညီပေးကြတဲ့ တစ်ယောက်ခြင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင် တိုင်ရွှန်က ပြောပါတယ်။






“ရွှေမြားနှစ်သစ်မင်္ဂလာ”အငြိမ့်ပွဲမှာ အကယ်ဒမီ အေးမြတ်သူ၊ အေးမြဖြူနဲ့ ယမုံမြင့်မြတ်တို့က အငြိမ့်မင်းသမီးအနေနဲ့ပါဝင်မှာဖြစ်ပြီး သရုပ်ဆောင် တိုင်ရွန်၊ ထူးအောင်၊ သိန်းလင်းစိုး၊ ဂျိုကာတို့က လူရွှင်တော်တွေအဖြစ် ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။
“ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်” ဖျော်ဖြေတင်ဆက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၃၀ ရက်နဲ့ ဒီဇင်ဘာလ ၃၁ ရက်တို့မှာ အမျိုးသားကဇာတ်ရုံ (ရန်ကုန်)မှာ ကျင်းပမှာဖြစ်ပါတယ်။
ဒါရိုက်တာအဖြစ် ရုပ်ရှင်သရုပ်ဆောင် ခင်လှိုင် (ဉာဏ်ကြီးရှင်)က ရိုက်ကူးမယ့် “ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်” ဖျော်ဖြေတင်ဆက်ပွဲကို MRTV-4 ရုပ်သံလိုင်းနဲ့ HEYPLAY Application တို့က တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှာဖြစ်တယ်လို့ သိရပါတယ်။
