သက်တံ့
၂၃. ၁၂. ၂၀၂၅
ပြီးခဲ့သည့်လအတွင်း သဘာဝဓာတ်ငွေ့ရည် (LNG) သင်္ဘောတစ်ဝက်စာခန့်ကို မြန်မာနိုင်ငံက လက်ခံရရှိခဲ့ပြီးနောက် လေးနှစ်ကျော်ကြာ ရပ်နားထားခဲ့သည့် LNG တင်သွင်းမှုကို လာမည့်နှစ်တွင် ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း ဘယ်လ်ဂျီယံ (Belgium) နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ အခြေစိုက်သည့် ကုန်စည်စီးဆင်းမှုနှင့် စွမ်းအင်ဆိုင်ရာ အချက်အလက်များကို ခွဲခြမ်းစိပ်ဖြာပေးသော နိုင်ငံတကာ အဖွဲ့အစည်း (Data and Analytics Firm) တစ်ခုဖြစ်သော Kpler က ပြောကြားခဲ့သည်။
ပြည်တွင်း နေရာအနှံဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် LNG တင်သွင်းမှုများ ရပ်တန့်သွားပြီးနောက် အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် LNG တင်သွင်းသည့် ဈေးကွက်သို့ ပြီးခဲ့သည့်လကစ ပြန်လည်ဝင်ရောက်လာခြင်းလည်း ဖြစ်သည်။ တင်သွင်းမှု ရပ်တန့်နေစဉ်အတွင်း မြန်မာနိုင်ငံသည် ဓာတ်ငွေ့ပြတ်လပ်မှုနှင့် ကျယ်ပြန့်သော လျှပ်စစ်မီးပြတ်တောက်မှု ဒဏ်များကို ရင်ဆိုင်ခဲ့ရသည်။
သန်လျင်ရှိ ၂၀၀ မဂ္ဂါဝပ်ထွက်ရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် သာကေတရှိ ၃၀၀ မဂ္ဂါဝပ်ထွက်ရှိသော စက်ရုံနှစ်ခုကို ပြန်လည်ပတ်ခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်နေပြီး စုစုပေါင်း ၅၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် LNG တန်ချိန် ၀ ဒသမ ၄ သန်းခန့် တင်သွင်းလိမ့်မည်ဟု ခန့်မှန်းရကြောင်း Kpler မှ လေ့လာဆန်းစစ်သူ Nelson Xiong က ပြောကြားခဲ့သည်။

Kpler ၏ အချက်အလက်များအရ ရန်ကုန်မြစ်ကဲ့သို့ ရေတိမ်သော ဒေသများတွင် ပို့ဆောင်နိုင်သော အထူးသင်္ဘောတစ်စီးဖြစ်သော Dapeng Princess အမည်ရှိ ရေနံသဘာဝဓာတ်ငွေ့တင် သင်္ဘောသည် နိုဝင်ဘာ ၁၂ ရက်နေ့တွင် မလေးရှားအရှေ့ပိုင်းရှိ Bintulu LNG စက်ရုံမှ ဓာတ်ငွေ့များကို တင်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံတောင်ပိုင်းရှိ သီလဝါ Floating Storage Unit (FSU – ရေပေါ်သိုလှောင်ကန်) တွင် ရပ်တန့်ထားသော CNTIC VPower Energy သင်္ဘောထံသို့ LNG များ လာရောက်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
“သီလဝါရေပေါ်သိုလှောင်ကန်ဖြစ်တဲ့ CNTIC VPower Energy သင်္ဘောဟာ နိုဝင်ဘာ ၁၆ ရက်မှာ ရန်ကုန်ကို ရောက်ရှိဆိုက်ကပ်ခဲ့ပြီး Dapeng Princess သင်္ဘောကတော့ နိုဝင်ဘာ ၂၃ ရက်မှာ သင်္ဘောတစ်ဝက်စာခန့်ကို LNG လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါဟာ မီးစက်တွေကို စမ်းသပ်မောင်းနှင်ဖို့အတွက် ဖြစ်နိုင်ပါတယ်” ဟု Xiong က ဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်၍ Reuters သတင်းဌာနက မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ချက်ချင်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ပထမဆုံးအကြိမ် LNG စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ မလေးရှားနိုင်ငံပိုင် Petronas ကုမ္ပဏီမှ CNTIC VPower ထံသို့ ပထမဆုံး ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ CNTIC VPower သည် တရုတ်အစိုးရပိုင် CNTIC ကုမ္ပဏီနှင့် ဟောင်ကောင်အခြေစိုက် VPower Group တို့ အကျိုးတူ ပူးပေါင်းထားသော လုပ်ငန်းတစ်ခု ဖြစ်သည်။
သို့သော် အာဏာထိန်းသိမ်းမှု ဖြစ်ပွားပြီး တစ်နှစ်ကျော်အကြာတွင် မြန်မာနိုင်ငံသည် LNG တင်သွင်းမှုကို ရပ်တန့်ခဲ့သည်။ တင်သွင်းမှု စတင်ခဲ့ချိန်မှစ၍ စုစုပေါင်း LNG တန်ချိန် ၅၅၀,၀၀၀ ခန့်ကိုသာ လက်ခံရရှိခဲ့ပြီး၊ ပြီးခဲ့သည့်လက တင်သွင်းမှု မတိုင်ခင် နောက်ဆုံး လက်ခံရရှိခဲ့သည့် အကြိမ်မှာ ၂၀၂၁ ခုနှစ် သြဂုတ်လက ဖြစ်ကြောင်း Kpler ၏ အချက်အလက်များတွင် ဖော်ပြထားသည်။
ရန်ကုန်မြစ်အနီးတွင် တည်ရှိသော မြန်မာနိုင်ငံ၏ ဓာတ်ငွေ့လက်ခံစခန်းတွင် ရေပေါ်သိုလှောင်ကန် (FSU) တစ်ခုနှင့် ကုန်းပေါ်ရှိ ဓာတ်ငွေ့ပြန်လည်ထုတ်လုပ်သည့် ယူနစ် (Regasification unit) တစ်ခု ပါဝင်သည်။ CNTIC နှင့် VPower Group တို့သည်လည်း Reuters ၏ မေးမြန်းမှုကို ချက်ချင်း အကြောင်းပြန်ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။
Ref : Reuters
