၂၃.၁၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံကြား ပဋိပက္ခကို ဖြေရှင်းဖို့ သူတို့နဲ့ ညှိနှိုင်းမှုတွေက အဆင်ပြေချောမွေ့နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ်၊ ဝက်စ်ပါမ်ကမ်းခြေအနီးက သူ့ရဲ့ မာ-အာ-လာဂိုအိမ်ယာမှာ ထရမ့်ပ်က “ယူကရိန်း၊ ရုရှားဆိုင်ရာဆွေးနွေးပွဲတွေကို ကျွန်တော်တို့ ပြုလုပ်နေကြပါတယ်။ ဆွေးနွေးပွဲတွေကလည်း အဆင်ပြေ ချောမွေ့နေပါတယ်” လို့ သတင်းထောက်တွေကို ဒီဇင်ဘာလ ၂၂ ရက်က ပြောကြားခဲ့တာပါ။
မကြာသေးမီရက်များအတွင်း ပြုလုပ်ခဲ့တဲ့ တိုင်ပင်ဆွေးနွေးမှုတွေရဲ့ တိုးတက်မှုအပေါ် မှတ်ချက်ပေးဖို့ သတင်းထောက်တစ်ဦးရဲ့ တောင်းဆိုချက်ကို ထရမ့်ပ် က ခုလိုတုံ့ပြန်ခဲ့တာပါပဲ။ ဒီဇင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက် တို့မှာ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမှာ ရုရှားသမ္မတရဲ့ အထူးသံတမန်နဲ့ ရုရှားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေရဲ့ အမှုဆောင်အရာရှိချုပ် ကီရီးလ် ဒီမီထရိဗ်က အမေရိကန်သမ္မတရဲ့ အထူးသံတမန် စတီဗင် ဝစ်ကော့ဖ်နဲ့ ထရမ့်ပ်ရဲ့ သားမက် စွန့်ဦးတီထွင်လုပ်ငန်းရှင် ဂျရက် ကူရှ်နာတို့နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
“ကျွန်တော်တို့ ဒါကို ပြီးမြောက်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ အမေရိကန်သမ္မတက ပဋိပက္ခကို အဆုံးသတ်ဖို့ ရည်ညွှန်းပြီး ထပ်လောင်းပြောကြားခဲ့ပါတယ်။
“သူတို့အားလုံး အဲဒီစစ်ပွဲကို ငြီးငွေ့နေကြပြီလို့ ကျွန်တော်ထင်ပါတယ်။ လူတိုင်း အဲဒီစစ်ပွဲကို ငြီးငွေ့နေကြပါပြီ။ စစ်ပန်းကုန်ကြပါပြီ။ ဒီတော့စစ်ပွဲကို ရပ်တန့်ဖို့ပဲရှိပါတယ်” လို့ ထရမ့်ပ်က ပဋိပက္ခကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။
Ref : Tass News
