April 30, 2024

PDF များဖမ်းဆီးထားသူ ၁၃ ဦးအား ပြန်လည်ကယ်ဆယ်နိုင်ခဲ့မှုမြင်ကွင်း

၁၈. ၂. ၂၀၂၃

Written by Nay Moe

ပုလောမြို့နယ်၊ ကဒဲကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းစဥ် PDF များ ဖမ်းဆီးထားသည့် စစ်မှုထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာအချို့မှ ပြည်သူ ၁၃ ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ပုလော PDF များအပါအဝင် တနင်္သာရီတိုင်းအတွင်း ကျက်စားနေသည့် PDF များက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာအချို့မှ နိုင်ငံဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းတွင် ပုလောမြို့နယ်၊ ကဒဲကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအတွင်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ပြန်လည်တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ကနဦး စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် နိုင်ငံ့ဝန်ထမ်းများ၊ ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံများဖြစ်ကြောင်း သိရှိရပြီး ထားဝယ်-မြိတ် ကားလမ်းတစ်လျှောက် ပုံမှန်သွားလာလျက်ရှိစဉ်နှင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရချိန်တွင် ရိုက်နှက်မှုများရှိကြောင်းနှင့် ၎င်းတို့ပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း၊ ငွေနှင့်ပစ္စည်းများအား သိမ်းဆည်းခံခဲ့ရကာ ကဒဲကျေးရွာရှိ နေအိမ်အတွင်း၌ ဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရကြောင်း၊ နေအိမ်အပြင်မှ သော့ခတ်၍ PDF ၁၀ ဦးခန့်က စောင့်ကြည့်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ ရှေ့တွင် ယခင်ဖမ်းဆီးခံရသူ ၃ ဦးခန့်အား လက်ပြန်ကြိုးတုတ်၍ ခေါ်ဆောင်သွားသည်ကို တွေ့ရှိရပြီး ၎င်းတို့မှာ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း သိရှိရသည်။

“ပြန်လွတ်လာတဲ့အထဲမှာ စစ်မှုထမ်းဟောင်းတစ်ဦးပါတယ်။ ကျောင်းဆရာမတစ်ဦး၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းခရိုင်မှူးတစ်ဦးလည်းပါတယ်။ အင်ဂျင်နီယာတစ်ယောက်လည်းပါပြီး ကျန်တာကတော့ ကွမ်းသီးလုပ်သား၊ ကုန်ကားမောင်း၊ ရေလုပ်သား၊ သာမန်ပြည်သူတွေပါ။ သူတို့ရှေ့တင် ဖမ်းထားတဲ့သူ ၃ ဦးကို ခေါ်သွားပြီး သတ်ပစ်တယ်ဆိုတာမျိုးလည်း သိရတယ်။ သူတို့ပါတဲ့ပိုက်ဆံတွေ၊ ငွေကြေးတွေလည်း PDF တွေက လုယက်သိမ်းဆည်းသွားတယ်လို့ ပြောကြတာရှိတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အပြစ်မဲ့အမျိုးသမီးများနှင့် နိုင်ငံ့ဝန်ထမ်းများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ အပြစ်မဲ့ပြည်သူများကို အကြပ်ကိုင်ခြိမ်းခြောက်ချုပ်နှောင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါစစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter-terrorism Action)ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *