၁၇. ၂. ၂၀၂၃
Written by Min Mahar

ဆိုင်ကယ်စီးကာ သွားလာနေသည့် အုပ်ချုပ်ရေးမှူးအား သေနတ်သမား၂ ဦးက အလစ်အငိုက်တွင် အနောက်မှ သေနတ်ဖြင့်ပစ်သတ်မှု မန္တလေး၌ ယနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊  ၇၈ လမ်းနှင့် ရန်မန်းသံလမ်းကြား၊ ပညာပျိုးခင်းလမ်း( ဘုရားကြီးအရှေ့မုခ် ရတနာပူရပြတိုက်လမ်း) ၊ အကွက် ၉၀၂၊ သီတာအေးရပ်ကွက်၊ ပညာပျိုးခင်းဘုန်းကြီးကျောင်းအရှေ့တွင် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီခွဲကျော်က မဟာအောင်မြေမြို့နယ်၌နေထိုင်သည့် အသက် ၅၆ နှစ်အရွယ်ခန့်ရှိသော ရွှေဘုန်းရှိန်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ပညာပျိုးခင်းလမ်းအတိုင်း အနောက်မှအရှေ့သို့မောင်းနှင်လာစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူ ၂ ဦးမှ အနောက်မှကပ်လိုက်ကာ ထိုဆိုင်ကယ် အနောက်တွင် ထိုင်နေသူမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရသည်။

“အသက်ခံရသူရဲ့ ဆိုင်ကယ်အနောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့လူ ၂ ယောက်က ကပ်သွားပြီး သေနတ်နဲ့ခေါင်းကိုပစ်သတ်သွားတာ။ အဲဒီနေရာမှာပဲ ခေါင်းကသွေးတွေအများကြီးထွက် နေရာမှာ ပွဲချင်းပြီးသေသွားတာ။ ခဏနေတော့ တပ်နဲ့ရဲတွေရောက်လာပြီး လမ်းတွေပိတ် စစ်ဆေးတော့တာပဲ”ဟု အခင်းဖြစ်ရာနေရာအနီးတွင်ရှိသော မျက်မြင်တစ်ဦးမှ MT News သို့ ပြောသည်။

ယင်းကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးသည် ယာဘက်နှားထင်အောက် ကျည်ဖောက်ဝင်သွားသော ဒဏ်ရာရရှိပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးသွားသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ လူမှုကူညီရေးယာဉ်ဖြင့် အလောင်းအားပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာအဖွဲ့မှတာဝန်ရှိသူများရောက်ရှိလာပြီး ပိတ်ဆို့ကာလိုက်လံစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် ယင်းအုပ်ချုပ်ရေးမှူးကို မည်သည့်အဖွဲ့ကလုပ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News