◾️ လိမ်လည်မှု နည်းနည်းဖြစ်စေ၊ များများဖြစ်စေ ခွင့်လွှတ်မှုမရှိ ရေဆုံးရေဖျား လိုက်လံချေမှုန်းပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းမည့်မူဝါဒကို ကျင့်သုံးသွားမည်ဟုပါ ပြောကြား
၁၄. ၁၂. ၂၀၂၄
Written by Nyein Kyaw
ကျားဖြန့်လုပ်ငန်းများကို မြေလှန်ပြီး ရေသောက်မြစ်ပါမကျန်အောင် အမြစ်ပြတ်ချေမှုန်းနေပြီး ပြစ်မှုကျူးလွန်သူများကို ဒုတိယအကြိမ်အခွင့်အရေး လုံးဝမရှိစေရေးအပြင် နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေးအရ လုံးဝအကာကွယ်ပေးသွားမည်မဟုတ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ် နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေကို ကျွန်တော်တို့ အမြစ်ပြတ်အောင် တိုက်ဖျက်ရှင်းလင်းနေမှုအပေါ်မှာ TNLA၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့ ပူးပေါင်းပြီး မြဝတီဒေသနဲ့ လေးကေ့ကော်အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေဖော်ဆောင်ကာ အမျိုးမျိုးနှောင့်ယှက်နေတာကိုလည်း ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက်ကနေ ဒီဇင်ဘာလ ၈ ရက်နေ့အတွင်း တိုက်ပွဲဖြစ်စဉ် ၅၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အသက်ခန္ဓာစွန့်လွှတ်ရပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ တရားမဝင် ဒုစရိုက်လုပ်ငန်းတွေကို ဆက်လက်ရှင်းလင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီဒေသက အခိုင်အမာ အဆောက်အအုံတွေကို အွန်လိုင်းလောင်းကစားမှု ပြန်လည်မလုပ်ဆောင်နိုင်အောင် မြေလှန်ဖျက်ဆီးမှုတွေ၊ မိုင်းခွဲဖျက်ဆီးမှုတွေလုပ်ပြီး ရေသောက်မြစ်ပါ မကျန်အောင် အမြစ်ပြတ်ချေမှုန်းလျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။



မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူများအား အစိုးရအနေဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ပြီး No Second Change ဒုတိယအကြိမ်အခွင့်အရေး လုံးဝမရှိ၊ No Political or Personal Protection ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း နိုင်ငံရေးအရ သော်လည်းကောင်း လုံးဝ အကာအကွယ် ပေးခွင့်ရမည်မဟုတ်ကြောင်း သိရသည်။
“မြန်မာအစိုးရကလည်း ဒီအွန်လိုင်းလိမ်လည်မှုသည် လူအများစုပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်တယ်ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။ ဒီအွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုတွေနဲ့ ပြစ်မှုကျူးလွန်ခဲ့သူများကို ကျွန်တော်တို့ အစိုးရအနေနဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ No Second Change ဒုတိအကြိမ်အခွင့်အရေး လုံးဝမရှိပါဘူး။ No Political or Personal Protection ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း လုံးဝအကာကွယ်ပေးသွားမှာမဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Online Scam)၊ အွန်လိုင်းလောင်းကစားမှု (Online Gambling) များသည် လူများစုအပေါ် ကျူးလွန်သည့် ကြီးလေးသော ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး မူဝါဒနှင့် နည်းလမ်းများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်သည်။
“ကျွန်တော်တို့ အစိုးရဲ့ မူဝါဒသည် Zero Tolerance Policy ပါ။ နည်းနည်းလိမ်သည်ဖြစ်စေ။ များများလိမ်သည်ဖြစ်စေ ခွင့်လွတ်မှုမရှိ ရေဆုံးရေဖျား လိုက်လံချေမှုန်းမှာဖြစ်ပါတယ်။ နံပါတ်နှစ်အချက်အနေနဲ့ ကျွန်တော်တို့ အစိုးရကျင့်သုံးမယ့်နည်းလမ်း (Aggressive Crackdowns Method) ပြင်းပြင်းထန်ထန် နှိမ်နင်းမယ့် မူဝါဒဖြစ်ပါတယ်။ ဒါတွေကို ဆောင်ရွက်ဖို့အတွက် အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို ဒီနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အမျိုးသားအဆင့် နိုင်ငံတော်အဆင့် ကျွန်တော်တို့ ဖွဲ့ပြီးပြီဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
