◾️KNU ၏ လုပ်ကွက်အတွင်း ပြည်ပနိုင်ငံသားများလည်း သေဆုံးခဲ့ရမှုများရှိခဲ့
၁၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
မင်းလက်ပံတိုက်ပွဲဖြစ်စဥ်သည် KNU အနေဖြင့် အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ပြီးနောက် ၎င်းတို့နှင့် ပတ်သက်မှုမရှိကြောင်းကို ပြသလိုသောလုပ်ကွက်တစ်ခုဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ် နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“မင်းလက်ပံကိစ္စက ဒီ KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ ကျူးလွန်ပြီး နောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့နဲ့ မပတ်သက်ပါဘူးဆိုတဲ့ဟာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲ ဖြစ်တယ်လို့ ကျွန်တော် ပထမဦးဆုံး ပြောချင်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ပြည်ပနိုင်ငံတစ်ခု၏ သံရုံးမှ မင်းလက်ပံကိစ္စရပ်နှင့်ပတ်သက်ပြီး ဖြစ်စဉ်အတွင်း ၎င်းတို့နိုင်ငံသားများ သေဆုံးခဲ့ရမှုများရှိကြောင်း သတင်းလက်ခံရရှိခဲ့ကြောင်းနှင့် အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက်ရှိ ကျားဖြန့်လုပ်ငန်းလုပ်ဆောင်နေသည့် အဆောက်အအုံများမှစပြီး မြေလှန်ဖျက်ဆီးမှုများ ဆောင်ရွက်နေမှုအပေါ် နှောင့်ယှက်ရန်အတွက် KNU အနေဖြင့် အဆိုပါ ဒေသများတွင် တိုက်ပွဲများ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ဒါတွေကို နှောင့်ယှက်ဖို့အတွက် KNU အနေနဲ့က အဲဒီဒေသတွေမှာ တိုက်ပွဲဖြစ်စဉ်တွေ ဖော်ဆောင်နေတာရှိတယ်။ ကျွန်တော်တို့ တပ်မတော်သားတွေနဲ့လည်း တိုက်ပွဲဖြစ်နေတာရှိတယ်။ ဒီမှာ ဘာပြသနာရှိလဲဆိုတော့ ကျွန်တော်တို့နဲ့ ထိုင်းနိုင်ငံကြားမှာ ထိုင်းနိုင်ငံကလည်း သူတို့ရဲ့ နယ်မြေထဲကို မြန်မာ့တပ်မတော်က ပစ်တဲ့ကျည်တွေကျတယ်ဆိုပြီးတော့ ပြောနေတာရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗီဒီယိုဖိုင်နှင့်တကွ ရှင်းလင်းပြောကြားသည်။
မြန်မာနှင့် ထိုင်းနိုင်ငံတို့သည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံနယ်ခြားဒေသများနှင့် ပတ်သက်ပြီး အခြေခံအဆင့်အထိ ဖွဲ့စည်းပြီးဖြစ်၍ ယင်းဖွဲ့စည်းမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်မှုများရှိကြောင်း သိရသည်။
“KNU အနေနဲ့ ထိုင်းနဲ့ မြန်မာကြားထဲမှာ ပြဿနာတက်အောင်လို့ကိုပဲ တမင်သက်သက် လုပ်နေတာဖြစ်တယ်။ KNU ကနေ တိုက်ပွဲဖြစ်သယောင်နဲ့ ထိုင်းနိုင်ငံထဲကို ကျည်တွေကျအောင် ပစ်နေတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ဒီဟာပဲ။ အခုကျွန်တော်ပြမယ့်ဟာဆိုရင် မင်းလက်ပံမှာ ဖြစ်နေတဲ့နေရာပါ။ တမင်သက်သက်ကို ထိုင်းနိုင်ငံထဲကို KNU အနေနဲ့ ၄၀ မမဗုံးသီးတွေ ပစ်သွင်းနေတာကို တွေ့ရပါမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံဘက်တွင် တိုက်ပွဲများပြင်းထန်လာနေပြီး ထိုင်းနှင့် မြန်မာနယ်စပ်မှ ပြည်သူများအတွက် အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် KNU က ထုတ်ပြန်ထားသည်။ မင်းလက်ပံဒေသတိုက်ပွဲ အခြေအနေကြောင့် ထိုင်းအာဏာပိုင်များက လက်ရှိတွင် သောင်ရင်းမြစ်ကမ်းကူး ဂိတ်များကို ယာယီပိတ်ထားပြီး မြဝတီ-မင်းလက်ပံ လမ်းကြောကိုလည်း ပိတ်ထားကြောင်း သိရသည်။
