၁၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
တာ့ခ်မင်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ် နိုင်ငံတကာဖိုရမ်နှင့် တာ့ခ်မင်နစ္စတန် နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒနှစ်(၃၀)ပြည့်အထိမ်းအမှတ်အခမ်းအနားများသို့ တက်ရောက်ခဲ့သော နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။


နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနှင့်တာခ်မင်နစ္စတန် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုအပြင် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်အရှိန်မြှင့်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ် အထိမ်းအမှတ် နိုင်ငံတကာဖိုရမ်တွင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီးနောက် အီရန်နိုင်ငံ သမ္မတနှင့်လည်း တွေ့ဆုံ၍ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့သလို အခမ်းအနား တက်ရောက်လာသည့် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်လည်း နိုင်ငံတကာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
