၁၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းသွားမည်ဖြစ်ကြောင်းနှင့် တင်သွင်းမည့်ခေါင်းစဉ် (Element) အနေဖြင့် လက်ဖက်စိုယဉ်ကျေးမှုဟု လျာထားသတ်မှတ်ထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၀ ရက် (ယမန်နေ့) တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် တင်သွင်းနိုင်ရေးအတွက် ၂၀၀၃ ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဆွေးနွေးပြောကြားသည်။

လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တင်သွင်းမည်ဆိုပါက တင်သွင်းမည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သည် အမျိုးသားအဆင့် စာရင်းဝင်ရမည်ဖြစ်ကြောင်းနှင့် ယူနက်စကိုသို့ တင်သွင်းမည့် လက်ဖက်ယဉ်ကျေးမှုနှင့် ပတ်သက်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ခေါင်းစဉ်အမည် သတ်မှတ်နိုင်ရေး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်၊ မန္တလေး) နှင့် ဝန်ကြီးဌာန ကျွမ်းကျင်ပညာရှင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ဆက်လက်၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က မိမိတို့အနေဖြင့် မြန်မာနိုင်ငံလက်ဖက်အသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ယူနက်စကိုသတ်မှတ်ပုံစံ ICH-02 Form အား ဖြည့်သွင်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံလက်ဖက်အသင်းအနေဖြင့် Consent Letter and Video၊ Statement Letter and Video များ ရယူနိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
တင်သွင်းမည့်ခေါင်းစဉ် (Element) အနေဖြင့် လက်ဖက်စိုယဉ်ကျေးမှုဟု လျာထားသတ်မှတ်ထားကြောင်း၊ အဆိုပါခေါင်းစဉ်တင်သွင်းရန်အတွက် ဖော်ပြသင့်သည့် ခေါင်းစဉ်အမည်ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ဒေါ်စန္ဒာခင်က ဆွေးနွေးပြောကြားသည်။
