၉.၁၂.၂၀၂၅
Written by Linn Eain
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သို့သယ်ဆောင်မည့် ငွေကျပ် ၁၂ ဘီလျဲကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈၅ သိန်းကျော်အား ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဒီဇင်ဘာ ၉ ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၈ နာရီတွင် ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအနီးတွင် ဝေလင်းထွန်း မောင်းနှင်ပြီး အောင်သူဖြိုးနှင့် ပြည့်ဖြိုးဟိန်း (ခ)ဖက်တီးတို့ လိုက်ပါလာသော Alphard မော်တော်ယာဉ်အား သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၂၃ ဒသမ ၉ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့ကို စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၉ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ်၊ ခြေမြစ်ပင်ကျေးရွာအနီးခြုံအတွင်းမှ ဆာလာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား ၆၂ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းစိတ်ကြွဆေးပြား ၈၅ ဒသမ ၉ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၈၈၅ ဘီလျံ)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်မိုးထွန်းအား ဒီဇင်ဘာလ ၁ ရက်၊
ည ၁၀ နာရီတွင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်ရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူ ပူးပေါင်းပါဝင်သူများမှာ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နေ ကျော်ကျော်(ဖမ်းဆီးရန်ကျန်)၊ ဟိန်းစည်သူ(ဖမ်းဆီးရန်ကျန်)နှင့် ရွှေတောင်မြို့နေ ကျော်မောင်မောင်လှိုင်(ခ)ကိုချို(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
