နေမိုး
၉. ၁၂. ၂၀၂၅
ကော့သောင်းမြို့နယ်ရှိ မကြုံဂလက်မော်ကင်းကျေးရွာတွင် စေတီရင်ပြင်ပေါ် အရက်သောက်စားနေသူအား သောက်စားခြင်းမပြုရန် တားမြစ်ပြောဆိုသည့် ကျောင်းထိုင်ဆရာတော်တစ်ပါး ရိုက်နှက်ခံရပြီး ပျံလွန်တော်မူခဲ့ရကြောင်း သိရှိရသည်။
ဖြစ်စဥ်မှာ ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ မကြုံဂလက်မော်ကင်းကျေးရွာရှိ အောင်ခေမာကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိတအား ကျောင်းတွင် ကပ္ပိယနှင့် ကျောင်းသားများမရှိချိန် ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီခန့်က အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ဆရာတော်ကျွေးမွေးစောင့်ရှောက်ထားသည့် လူငယ်အမျိုးသားတစ်ဦးက အလစ်အငိုက်တွင် ဦးခေါင်းကို နောက်မှ ကြေးစည်တီးသည့်သစ်သားတုတ်ဖြင့် လာရောက်ရိုက်နှက်ခဲ့ခြင်းကြောင့် ဦးခေါင်းကွဲအက်ဒဏ်ရာရရှိကာ ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း ဆရာတော်နှင့် နီးစပ်သည့် သံဃာတော်အသိုင်းအဝိုင်းထံမှ သိရှိရသည်။




ရိုက်နှက်သူလူငယ်သည် လှေနစ်မြုပ်၍ လှေဆယ်ရန် မကြုံဂလက်မော်ကင်းကျေးရွာတွင် နေထိုင်နေသူဖြစ်ပြီး ဆရာတော့်ကျောင်းတွင် ထမင်းဟင်းများ တောင်းစားလေ့ရှိသူဖြစ်ကာ အခင်းဖြစ်ရပ်မတိုင်မီ ထိုလူငယ်က ဆရာတော်တည်ထားသည့် ကျောင်းဝန်းအတွင်းရှိစေတီရင်ပြင်ပေါ် အရက်သေစာသောက်စားသည်ကို ထိုသို့မသောက်စားရန် တားမြစ်သဖြင့် အငြိုးထားရိုက်နှက်ခြင်းဖြစ်ကြောင်း၊ ထိုလူငယ်ကို ရပ်ရွာက ဒီဇင်ဘာ ၇ ရက် ညနေတွင်ပင် ဝိုင်းဝန်းဖမ်းဆီးကာ တာဝန်ရှိသူများထံ အပ်နှံလိုက်ကြောင်း သိရသည်။
ပျံလွန်တော်မူခဲ့သည့် ဆရာတော်ဦးပဏ္ဍိတသည် သက်တော် ၃၈ နှစ်၊ ဝါတော် ၁၅ ဝါရှိနေပြီဖြစ်ပြီး ကြွင်းရစ်သည့် ရုပ်ကလာပ်တော်ကို လာမည့်စနေနေ့ (ဒီဇင်ဘာ ၁၃ ရက်) တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။ (Photo – Credit)
