၈. ၁၂. ၂၀၂၅
Written by Nay Moe
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၌ ချောင်းကူးတံတားမှ သံချောင်းများဖြုတ်ယူသူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီ ၄၀ မိနစ်တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာရှိ “လမုကိုင်း” ချောင်းကူးတံတား၌ ခင်းထားသော အလျား ၁၃ ပေ၊ အနံ ၆ လက်မခန့်ရှိ သံချောင်း လေးချောင်းအား အမှတ်(၉)ရပ်ကွက်နေ သိန်းဇော်မင်း(၄၅)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ မင်းမင်းဦး(၄၀)နှစ်တို့မှ ဖြုတ်ယူသွားကြောင်း သတင်းအရ လိုက်လံဖမ်းဆီးခဲ့ရာ ရေဖြူကန်ကျေးရွာ၊ ချောင်းကမ်းဘေးတွင် ရပ်တန့်ထားသည့် စက်လှေပေါ်၌ ဖြုတ်ယူသွားသော သံချောင်းများနှင့်အတူ ၎င်းတို့ နှစ်ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ကျူးလွန်သူ သိန်းဇော်မင်းနှင့် မင်းမင်းဦးတို့အား ကြိမ်ချောင်းကြီးနယ်မြေရဲစခန်း (ပ)၁၇/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
