၈.၁၂.၂၀၂၅
Written by NYL
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မကွေးတိုင်းဒေသကြီးတွင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပြည်သူများထံ မိတ်ဆက်အပ်နှံခြင်း အခမ်းအနားအား ဒီဇင်ဘာ ၆ ရက်၊ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းခြင်းပါ တစ်ပါတည်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေး၊ တိုင်းပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မဲဆန္ဒရှင်ပြည်သူများ၊ ပါတီဝင်များနှင့် ဝန်းရံသူများ စုစုပေါင်းအင်အား (၅၀၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။





အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း အစီအစဉ်ဖြင့် စတင်ဖွင့်လှစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်မြေအသီးသီးမှ ပါတီကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ပြည်သူများထံသို့ သက်ဆိုင်ရာနယ်မြေနှင့် လွှတ်တော်အလိုက် မိတ်ဆက်အပ်နှံခဲ့ကြောင်း သိရသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်းအား ဖတ်ကြားရှင်းလင်းပြီး “မကြာခင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူလူထုတစ်ရပ်လုံးအတွက် အလွန်အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ ပြည်သူလူထုအားလုံးကလည်း မပျက်မကွက် ဆန္ဒမဲပေးကြရန်လိုကြောင်း၊ ဆန္ဒပြုရာတွင်လည်း အသည်းကြားက မဲတစ်ပြား ဆိုသည့် ခံစားချက်ဖြင့်ပေးသည့်မဲထက် သေချာစွာစဉ်းစားချင့်ချိန် ဆုံးဖြတ်ပြီး အမှန်တကယ်ဆောင်ရွက်နိုင်သော အတွေ့အကြုံရှိသော ပုဂ္ဂိလ် အဖွဲ့အစည်းများကို ရွေးချယ်ပေးရန်လိုကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ ပါတီဥက္ကဋ္ဌ ဦးခင်ရီက “ထိုကဲ့သို့ နိုင်ငံတော်အတွက် ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းဟာ ပြည်ခိုင်ဖြိုးပါတီပင်ဖြစ်ကြောင်း၊ ပါတီတွင် အတွေ့အကြုံရှိသူ အရည်အချင်းပြည့်ဝသူတွေများစွာပါဝင်ကြောင်း၊ ပြည်သူများ၏ အနာဂတ်ဘဝတွေ ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုခိုင်မာစေဖို့အာမခံကြောင်းနှင့် မိမိတို့ ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ မိမိတို့ပါတီက ကိုယ်စားလှယ်များကို ယုံကြည်စိတ်ချစွာ ဆန္ဒမဲပေးကြရန်” ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီအောင်နိုင်ရေးအလံအား ပေးအပ်ရာ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေးတို့မှ လက်ခံရယူခဲ့သည်။







