MT News

Written by Naing Thuta

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးကြီး ၁ ဦးသေဆုံးကာ နေအိမ် ၄ လုံးမီးထဲပါသွားကြောင်း မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ သာသနာ (၂၅၀၀) ရပ်၊ အကွက်အမှတ်(၂၅၅)၊ လမ်း ၃၀နှင့် ၃၀ (A)လမ်း၊ ၈၉ လမ်းနှင့်လမ်း ၉၀ ကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၄ လုံးလောင်ကျွမ်းခဲ့ပြီး အလုံးစုံလောင်ကျွမ်းသွားသည့်နေအိမ်အတွင်းရှိ သွပ်ပြားများ၏အောက်တွင် အသက် ၅၀ ကျော်အရွယ်ရှိသော(ခန့်မှန်း) အမျိုးသမီးကြီးတစ်ဦး မီးလောင်ကျွမ်း၍ သေဆုံးနေသည့်ရုပ်အလောင်းကို မဟာ-လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့အတူ ရှာဖွေတွေ့ရှိခဲ့သောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီး၏ ရင်ခွဲရုံသို့ ပို့​ဆောင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ တိုင်းမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဇော်ဝင်းထွန်း ဦးစီးကာ Level (1)၊ Level (2) ယာဉ်အုပ်စုများနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၁၂၀ ဦး၊ မီးငြိမ်းသတ်ယာဉ် ၂၅ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးတို့ဖြင့် မီးသွားရောက်ငြှိမ်းသတ်ခဲ့ရာ ၆ နာရီ ၃၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၄၀ မိနစ်တွင် လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အလုံးစုံလောင်ကျွမ်းသွားသည့်နေအိမ် ၁ အိမ်၊ တစ်စိတ်တစ်ပိုင်းလောင်ကျွမ်းခဲ့သည့် နေအိမ် ၃ အိမ်၊ စုစုပေါင်း ၄ အိမ်မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းသည့်အိမ်များတွင် နေထိုင်သူများ၊ မီးလောင်ကျွမ်းသည့်အကြောင်းအရင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး(စိစစ်ဆဲ)၊ လူထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးမှုတို့ကို မီးသတ်ဦးစီးဌာနမှ ထပ်မံစိစစ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် နောက်ဆက်တွဲများကို MT News သတင်းဌာနအနေဖြင့် ဆက်လက်တင်ပြပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *