၃.၁၂.၂၀၂၅
Written by Thiri
လာမယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ရွေးကောက်ခံမယ့် နိုင်ငံရေးပါတီတွေကို ပြိုင်ဘက်လို့ သဘောထားကြောင်း၊ ရန်ဘက်လို့ သဘောမထားကြောင်း ဒီနေ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ပါတီဝင်တွေ့ဆုံပွဲမှာ ပါတီ ဗဟိုဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားပါတယ်။
“ဘာတွေကို ပြိုင်မှာလဲ ဆိုရင်တော့ ပြည်သူ့ဆန္ဒကို ဘယ်သူက ပိုပြီး ရယူနိုင်သလဲဆိုတာ ပြိုင်ပါမယ်။ အဲ့ဒါကြောင့် နိုင်ငံရေးပါတီတွေဟာ ကျွန်တော်တို့နဲ့ ရန်ဘက်မဟုတ်ဘူးဆိုတာ အလေးအနက် အသိပေးလို့ပါတယ်”လို့ တွေ့ဆုံပွဲ အဖွင့်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။


၁၉၅၂ ခုနှစ်ကာလတွေကတည်းက ပြည်သူတွေဟာ ခေတ်အဆက်ဆက် ရွေးကောက်တင်မြှောက်မှုပေါင်းများစွာကို ကြုံတွေ့ ဖြတ်သန်းလာခဲ့ပြီးဖြစ်တာကြောင့် ပါတီဝင်တွေ၊ ရွေးကောက်ခံ ကိုယ်စားလှာ်လောင်းတွေအနေနဲ့ ပြည်သူအပေါ်နိုင်ငံရေး ယဉ်ကျေးမှု ရေချိန်ကို အထင်မသေးဖို့လည်း ပါတီဥက္ကဋ္ဌကြီးက အလေးအနက်မှာကြားခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေကို ပြည်သူတွေကို ပြောပြရာမှာလည်း လျော့ရိလျော့ရဲ မဖြစ်အောင် ဂရုစိုက်ဖို့ ထပ်လောင်းမှာကြားပါတယ်။
ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက “ရွေးကောက်ပွဲမှာ ကိုယ်အာဏာရရင်ပြီးရော ဘယ်လိုပဲ ဖြစ်ဖြစ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဝင်ရောက်ရွေးကောက်မခံဘဲ နိုင်ငံရေးပါတီတွေရဲ့ ကျင့်ဝတ်နဲ့အညီ ကျွန်တော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒ သဘောထားကို ခံယူတာမို့ ရလာဒ်တိုင်းကို လေးလေးနက်နက် လက်ခံကြဖို့ မှာကြားလိုပါတယ်”လို့ ဆိုပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီဟာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ပါတီဝင်ပေါင်း ၆၉၁ ဦး ဝင်ရောက်ရွေးကောက်ခံနေပြီး အသက်အရွယ် မျှချေ၊ ကျား၊ မ မျှခြေ စသဖြင့်စနစ်တကျ စိစစ်ဆောင်ရွက်ထားသလို လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ အဆိုပါဝင်ရောက်ရွေးကောက်ခံမယ့်ပါတီဝင်တွေထဲက အမျိုးသမီးကိုယ်စားလှယ်လောင်း အချိုးဟာ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
