◾️ သဘာဝဓာတ်ငွေ့သည် အနိမ့်ဆုံးသို့ ရောက်ရှိနေပြီး ထပ်မံတွေ့ရှိထားသည့် ဓာတ်ငွေ့သိုက်အသစ်တစ်ခုသည်လည်း လာမည့် ၂၀၂၇-၂၀၂၈ ခုနှစ်ခန့်မှသာ ထုတ်ယူနိုင်မည်ဟု ပြောကြား
၃၀. ၁၁. ၂၀၂၅
Written by Nyein Kyaw
မြေပေါ်မြေအောက် သယံဇာတပစ္စည်းထုတ်ရောင်းမှုကို ကန့်သတ်ထားကြောင်းနှင့် ယင်းလုပ်ငန်းများကို အကြံမပြုကြရန် မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၃၄) နှစ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားသည်။
“သယံဇာတပစ္စည်းတွေကို ကန့်သတ်ထားပါတယ်။ အခုမှ မဟုတ်ပါဘူး။ အရင်ကတည်းကတိုင် ကျွန်တော် ဒီသယံဇာတပစ္စည်းရောင်းတာ မကြိုက်ပါဘူး။ သယံဇာတဆိုတာ ကုန်သွားလိမ့်မယ်။ ကြာလို့ရှိရင်။ သယံဇာတကို အစားထိုးနိုင်တဲ့ပစ္စည်းတွေ မထုတ်နိုင်ဘူးဆိုရင်တော့ တိုင်းပြည်တိုးတက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဟိုးအရင်ကတည်းက သယံဇာတ ပစ္စည်းထုတ်တာနဲ့ပတ်သက်ပြီး မထောက်ခံပါဘူး” ဟု ယာယီသမ္မတက ပြောကြားသည်။
ပြန်လည်ပြည်ဖြိုးမြဲသယံဇာတများထက် အထူးသဖြင့် ပြန်လည်ဖြစ်ထွန်းရန် နှစ်ပေါင်းသန်းချီစောင့်ရသည့် သဘာဝကပေးသည့် မြေပေါ်မြေအောက် သယံဇာတများအား ထုတ်ရောင်းမည့် လုပ်ငန်းများအား အကြံမပြုရန်နှင့် ရနိုင်ရန်လည်း ခက်ခဲမည်ဖြစ်ကြောင်း ယာယီသမ္မက ပြောကြားသည်။

“သို့သော်လည်းပဲ Renewable သယံဇာတတွေရှိသလို သစ်တောဆိုလို့ရင် သစ်ပင်တွေ ပြန်စိုက်လို့ရှိရင် သစ်တောတွေပြန်ဖြစ်လာမယ်။ ငါးဆိုလို့ရှိရင်လည်း ငါးကို မျိုးစိုက်ထည့်ပေးမယ်။ အလျင်မီအောင် မျိုးစိုက်ထည့်ပေးမယ်ဆိုရင် ဒါငါးဖြစ်နိုင်တယ်။ ကန်တွေမှာမွေးမြူရင်လည်း ဖြစ်နိုင်တယ်။ သို့သော်လည်းပဲ သဘာဝကပေးတဲ့ မြေပေါ်မြေအောက် သယံဇာတ ပစ္စည်း ထုတ်ရောင်းပစ်မယ်ဆိုရင် ဒါတွေက အကြံပြုဖို့တော့ ရနိုင်ဖို့ တော်တော်လေး ခက်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
လက်ရှိတွင် သဘာဝဓာတ်ငွေ့သည် အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး သဘာဝဓာတ်ငွေ့သိုက်အသစ်တစ်ခုကို တွေ့ရှိထားသော်လည်း ယင်းစီမံကိန်းသည်လည်း လာမည့် ၂၀၂၇-၂၀၂၈ ခုနှစ်ခန့်မှသာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ဓာတ်ငွေ့တို့ ကျောက်၊ သံ၊ ပတ္တမြားတို့ဆိုလည်း ဒီလိုပါပဲ။ ဓာတ်ငွေ့ဆိုရင် အနိမ့်ဆုံး အခြေအနေကို ရောက်လာပြီ။ ဓာတ်ငွေ့သိုက်အသစ်တစ်ခုတော့ တွေ့ထားတာရှိတယ်။ ၂၀၂၇-၂၀၂၈ လောက်မှာ ကျွန်တော်တို့ ထုတ်နိုင်မယ်လို့ မျှော်မှန်းပါတယ်။ ဒါပဲ ဓာတ်ငွေ့နဲ့ ပတ်သက်တာရှိတယ်။ သတ္တုဆိုလည်း တော်တော်များ များထုတ်ထားတာရှိပါတယ်။ ကျောက်စိမ်းဆိုလည်း ခင်ဗျားတို့သိတဲ့အတိုင်း တရားမဝင် ခိုးထုတ်သွားတဲ့ ကျောက်စိမ်းတွေဆိုတာ တော်တော်ကို များပါတယ်။ တော်တော်များပါတယ်။ ဒါကြောင့် ဒါတွေက ပြန်ထွက်နိုင်တဲ့ပစ္စည်းတွေ မဟုတ်ဘူး။ ပြန်ထွန်းကားလာအောင် နှစ်ပေါင်းသန်းနဲ့ချီပြီးတော့ စောင့်မှဖြစ်လာမှာပါ” ဟု ယာယီသမ္မတက ပြောကြားသည်။
